By မိုင်းရူပ၊ ရွှေဖီမြေ

အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် မတ်လပထမအပတ်က စတင်ကြုံတွေ့လာခဲ့တဲ့ စက်သုံးဆီအကြပ်အတည်းဟာ ၁ လနီးပါးရှိလာချိန် ရှမ်းမြောက်မှာ အဆိုးဆုံးအခြေအနေကို လူထုတွေ ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံဘက်က စက်သုံးဆီတင်သွင်းခွင့်ပါပိတ်လိုက်တာကြောင့် တရုတ်ဆီကို အဓိကအားထားနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေမှာ ဆီဈေး တဟုန်ထိုး မြင့်တက်လာနေပါတယ်။

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ် နမ့်ခမ်းမြို့မှာ ဒီနေ့ မတ်လ ၂၆ ရက်အထိ ပန့်ဆီဆိုင်တွေမှာ ဆီတစ်လီတာကို ၂၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ နမ့်ခမ်းမြို့မှာ ဆီဝယ်ဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပန့်ဆိုင်တွေတော့ အကုန်ပိတ်ထားတယ်။ အပြင်မှာပဲ ရောင်းကြတာ။ တစ်လီတာကို ၂၅,၀၀၀ တောင် ပေးရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တွေမှာလည်း ပန့်ဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေပြီး အပြင်မှာ တစ်လီတာကို ၁၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်မြို့မှာလည်း စက်သုံးဆီတစ်လီတာကို တစ်သောင်းကျပ်အထိ ဈေးမြင့်တက်လာပြီး စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။

TNLA ထိန်းချုပ်ဒေသတွေအပြင် ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချနေပြီး ဆီဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာနေပါတယ်။

ဒီနေ့ မတ်လ ၂၆ ရက်အထိ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ စက်သုံးဆီတစ်လီတာကို ၁၆,၀၀၀ ကျပ်အထိ ဈေးမြင့်လာတယ်လို့ လားရှိုး-မူဆယ် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

“ဝ” တပ်ဖွဲ့- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်၊ ပန်ဆန်းနဲ့ မိုင်းပေါက်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်တာတွေ ကြုံနေရပြီး ဟိုပန်မြို့မှာ စက်သုံးဆီတစ်လီတာကို ၇,၅၀၀ ကျပ်ထက် မပိုရောင်းဖို့ UWSA ဘက်က အသိပေးထားတယ်လို့ ဟိုပန်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကိုးကန့်ထိန်းချုပ်ထားတဲ့ ကွမ်းလုံကနေ ဟိုပန်ဘက်ကို ဆီလာထည့်တာရှိတယ်။ တရုတ်ဘက်က ကန့်သတ်လိုက်တာလားတော့ မသိဘူး။ ဆီဆိုင်တွေတော့ ပိတ်ထားတယ်”

ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာလည်း မနေ့ မတ်လ ၂၅ ရက်မှာ ဆီတစ်လီတာကို ၆,၀၀၀ ကျပ်ဝန်းကျင်ရှိရာကနေ ဒီနေ့ မတ်လ ၂၆ ရက်မှာ ၁၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်လာတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့က တစ်လီတာကို ၆,၀၀၀ ဈေးနဲ့ ရတယ်။ ဒီနေ့ ပန့်ဆီဆိုင်မှာကို တစ်လီတာ ၁၃,၀၀၀ ဖြစ်သွားပြီ” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလကုန်အထိ ရှမ်းမြောက်မှာ စက်သုံးဆီတစ်လီတာကို မြို့နယ်အလိုက် ၃,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်ဝန်းကျင်အထိသာ ရှိခဲ့ပါတယ်။

စက်သုံးဆီဈေးမြင့်တက်လာတာကြောင့် ရှမ်းမြောက်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ ကားခဈေး မြင့်တက်လာတာ၊ ခရီးသည်တင်ကားတချို့ ရပ်နားလိုက်ရတဲ့အထိ ကြုံနေကြရပါတယ်။

စက်သုံးဆီဈေး မမြင့်တက်ခင် နမ္မတူမြို့ကနေ လားရှိုးမြို့အထိ လူတစ်ဦးကို ကားခ ၃ သောင်းကျပ်သာ ကျပြီး လက်ရှိမှာ ၅ သောင်းကျပ်အထိ တိုးမြှင့် ကောက်ခံနေရတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အခု ကားခ ၃ သောင်းကနေ ၅ သောင်းအထိ တက်ထားတယ်။ နောက်နေ့ဆိုရင် ၇ သောင်းအထိ တက်နိုင်တယ်။ ဆီဈေး အရမ်းတက်နေတော့ နားရတော့မယ်။ ဒီထက်ပို တောင်းရင် ခရီးသည်တွေလည်း မစီးနိုင်တော့ဘူးလေ”

ဒါ့အပြင် မြို့ပေါ်နေရာတွေအပြင် တောင်ပေါ်ဒေသတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်မှုဒဏ် ကြုံနေကြရတယ်လို့ မန်တုံမြို့နယ် နမ့်ဟိုင်းရွာခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေက အရင်ကထက်စာရင် တစ်ထောင်၊ နှစ်ထောင်အထိ တက်လာတယ်။ ဒီမှာက ဆီ လုံးဝ ပြတ်တဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ ဆိုင်ကယ်တွေမှာပဲ ဖြည့်ပေးတော့တာပေါ့”

နမ့်ခမ်းမြို့နယ်မှာတော့ တအာင်းတပ်က လောင်စာဆီ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး စက်သုံးဆီဈေး သတ်မှတ်တာအပါအဝင် စက်သုံးဆီ ဝယ်ယူခွင့်၊ ရောင်းခွင့်အတွက် လိုက်နာရမယ့် စည်းကမ်းတွေကို သတ်မှတ်ထားပါတယ်။

စက်သုံးဆီပြတ်လပ်မှုကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာလည်း ကြုံနေကြရပြီး ဆီရဖို့ နာရီနဲ့ချီ တန်းစီ စောင့်ဆိုင်းနေရပါတယ်။

စစ်ကောင်စီဘက်က စစ်သုံးဆီအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အိမ်သုံးကားတွေကို စုံမခွဲဘဲ မောင်းနှင်ဖို့အပါအဝင် ဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာ နေအိမ်မှပဲ ရုံးတက်ဖို့ အမိန့်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

စက်သုံးဆီဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေရင် ရှမ်းမြောက်ဒေသက လူထုတွေရဲ့ စားဝတ်နေရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုကြပ်တည်းလာမှာကို ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက စိုးရိမ်နေကြပါတယ်။

“အခု ဆီဈေးက တစ်လီတာ ၁၄,၅၀၀ ပေးရတယ်။ ထပ်တက်ရင်တော့ ရပ်ရတော့မယ်။ ရပ်နားတဲ့ကားတွေလည်း ရပ်ကြပြီ” လို့ လားရှိုး-နမ္မတူ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။