မိုင်းရူပ၊ မတ်လ ၂၄ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲ ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ မြို့နယ်ထဲကနေ ဆုတ်ခွာသွားပြီလို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ထဲ စစ်တပ် ဝင်လာချိန် တော်လှန်ရေးတပ်တွေဘက်က မြို့ပြင်ကနေရာတွေကို ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် မိုးကုတ်မြို့နယ်ကနေ ဆုတ်ခွာရတာလို့ ဆိုပါတယ်။
“တော်လှန်ရေးတပ်တချို့ မိုးကုတ်ကနေ ဆုတ်ပြီ။ ပြောရရင်တော့ လူအင်အား၊ လက်နက်အင်အားက စစ်ကောင်စီနဲ့ အတော်ကွာနေတယ်။ တချို့က ကျန်ပေမဲ့ မိုးမိတ်-တွင်းငယ်လမ်းကို စကစ ရသွားရင် မလွယ်တော့ဘူး” လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ပြင်ဦးလွင်-နောင်ချို-မိုးကုတ် လမ်းပိုင်းနဲ့ မိုးကုတ်-မိုးမိတ်လမ်းကို ထိန်းချုပ်ထားပြီး မိုးမိတ်-သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့ရင် ထောက်ပို့လမ်းကြောင်း အကုန်ပြန်ပွင့်လာနိုင်ကြောင့် တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေကို ထိန်းချုပ်ဖို့ အခက်အခဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မိုးကုတ်မြို့နယ်မှာ မိုးကုတ်ဗျူဟာ၊ Red Wolves of Mogok၊ မိုးကုတ် ပကဖနဲ့ TRI ဗျူဟာအပြင် တခြားတော်လှန်ရေးတပ်တွေ အခြေစိုက်ထားပြီး စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မိုးမိတ်မှာတော့ စစ်တပ်ရဲ့ ထိုးစစ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ ကျောင်းသားတပ်ဖြစ်တဲ့ ABSDF စတဲ့တော်လှန်ရေးတပ်တွေဘက်က ခုခံတိုက်ခိုက်နေပြီး မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ စစ်တပ်က ပြန်ထိန်းချုပ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
မိုးကုတ်နဲ့မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့လည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားပေမဲ့ ၄ လနီးပါး ကြာလာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တချို့ ဆုတ်ခွာနေရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။