ရွှေဖီမြေ၊ မတ်လ ၂၁ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စု မန်ပိန်းရွာသူကြီးကို ကိုးကန့်တပ်- MNDAA က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေအနေနဲ့ ကျပ် သိန်း ၃၀ လာရောက်ထုတ်ယူဖို့ မိသားစုဝင်နဲ့ ရွာလူကြီးကို အကြောင်းကြားလို့ သွားယူခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်က မန်ပိန်းရွာသူကြီး အသက် ၃၇ နှစ်အရွယ် ဦးနိုင်ကိန်ဆိုသူဟာ ရွာထဲကနေ နေအိမ်သို့ ပြန်လာစဉ် ကိုးကန့်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲတစ်ယောက်က တစ်ခြားအိမ် သွားလည်နေတာ။ ကိုးကန့်တွေ သူတို့အိမ်နား ရောက်ခါနီးမှာ သူလည်း အိမ်ပြန်လာတာ။ ဒါပေမဲ့ သူက အိမ်ရှေ့ကနေမဝင်ပဲ အိမ်နောက်ဖေးကနေ ဝင်လာတာပေါ့။ ပြီးတော့ သူ့အိမ်အောက်ဘက်က ကြက်တွေ လိုက်ကြည့်မလို့ထင်တယ်။ သူခေါင်းငုတ်ဝင်တာနဲ့ ကိုးကန့်က သူ့ကိုပစ်သတ်လိုက်တာပဲ။ ဘာမှတောင် မမေးလိုက်ဘူး။ သူတို့အဝေးကနေပဲ ကြည့်တာလေ”
ကိုးကန့်တပ်ဘက်က ပစ်သတ်ခံရသူအတွက် လျော်ကြေးဆိုပြီး သိန်း ၃၀ ပေးခဲ့ပေမဲ့ လက်ရှိ ကုန်ဈေးနှုန်းအရ သိန်း ၃၀ ဟာ ဦးနိုင်ကိန်ရဲ့ နာရေးစရိတ်အတွက် ဘယ်လိုမှ မလောက်ငှနိုင်ဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“အဲလောက်ပိုက်ဆံက ဘာမှလုပ်လို့ မရဘူးလေ။ ပိုက်ဆံ သွားယူကြတဲ့ ရွာခံတွေက သူတို့ကို ကြောက်တာလည်း ပါတာပေါ့။ ဘာမှ ထပ်မတောင်းရဲဘူးလေ။ သူတို့ပေးသလောက်ပဲ ယူခဲ့ကြတာ”
ဒါ့အပြင် လက်ရှိအချိန်ထိ မန်ပိန်းရွာထဲ MNDAA က တပ်စွဲထားပြီး ရွာထဲ ဝင်လာတဲ့ အပြင်လူတွေကိုလည်း စစ်ဆေးတာတွေ ရှိတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ MNDAA တပ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း MNDAA ရဲ့ ဒရုန်းဗုံးကြဲမှု၊ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ်က ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။