မတ်လ ၂၀၊ ရွှေဖီမြေ
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တပ်ခေါင်းဆောင်တွေကို အပြောင်းအလဲတွေပြုလုပ်နေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့ကနေ စတင်ပြီး စစ်ကောင်စီက ရဟပ်ယာဉ်တွေနဲ့ သူတို့ရဲ့တပ်တွေကို အပြောင်းအလဲ လာလုပ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဓိက ခေတ္တတပ်မမှူး အပတ်စဉ် ၄၄က ဗိုလ်မှူးကြီး နိုင်မျိုးထွန်းက ပြောင်းသွားတာ။ ပြီးတော့ ရဲဘက်ကလည်း ပါမယ်ထင်တယ်။ ရဟပ်ယာဉ်တွေတော့ ဆက်လာလိမ့်မယ်”လို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က အုပ်ချုပ်ရေးကိုအပြောင်းအလဲလုပ်ပြီးနောက် မူဆယ်မြို့ထဲမှာ ကျားဖြန့်ရုံတွေနဲ့ လောင်းကစားရုံတွေကို လိုက်လံစစ်ဆေးနေပြီး စာရင်းကောက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီအပြင် ပြည်သူ့စစ်အများအပြား သွားလာလှုပ်ရှားနေပြီး အများစုဟာ စီးပွါးရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့ကို ကိုးကန့်တပ်က ထိုးစစ်ဆင်နိုင်တယ်လို့ သတင်းထွက်ပြီးနောက် မူဆယ်က ပြည်သူ့စစ်တွေရဲ့ လှုပ်ရှားမှုဟာ အရင်ကထက် ပိုပြီးမြင်တွေ့လာရတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။