ရဲမာန်၊ မတ်လ ၁၉ ရက်၊ ဘီလင်း
မွန်ပြည်နယ် ဘီလင်းမြို့နယ်က တရုတ်တွေ လာရောက်လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်ကိုင်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဝင်းကလေးကျေးရွာအနီးရှိ ရွှေမျောနေရာကို ပေါင် ၂၀၀ ဗုံး ၃ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သေဆုံးသူ ၂ ဦးက မြန်မာနိုင်ငံသားပါ။ ဒဏ်ရာရတာက ၁၈ ဦးလောက်ရှိတယ်။ ဒဏ်ရာရတဲ့အထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါတယ်”
ဝင်းကလေးကျေးရွာအနီးမှာ ရွှေမျောလုပ်ကွက် ၃၀ နီးပါးရှိပြီး တရုတ်နိုင်ငံသား ၁၀၀ ကျော်လည်း လာရောက်လုပ်ကိုင်နေတယ်တဲ့အပြင် ဘီလင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာလည်း စုစုပေါင်း ရွှေမျော ၁၀၀ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဘီလင်းမြို့နယ်အစပ်က ကျေးရွာ ၅ ရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။