မိုင်းရူပ၊ မတ်လ ၁၈ ရက်
ရှမ်းမြောက် မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေတချို့ ထပ်မံလက်လွှတ်ခဲ့ရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် (၁၃) တပ်ရှိတဲ့ တွင်းငယ်ကျေးရွာဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး မနေ့ မတ်လ ၁၇ ရက်အထိ တောင်လယ်ရွာအထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတွေ တောင်လယ်ရွာအထိ ရောက်ပြီ။ သပိတ်ကျင်းမြို့နယ်ထဲက ရွာတွေကို အကုန်ရအောင် ထိုးမယ့်သဘော တွေ့ရတယ်။ မိုးမိတ်ဘက် ဆင်းလာတဲ့ စကစဘက်က မန်ကျည်းပင်အကျော် ထိုင်ထားတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေဘက်က မိုးမိတ်-တွင်းငယ်လမ်းပိုင်းမှာရှိတဲ့ ရွှေသဲ၊ ဘော်ဒေ၊ ကင်းချောင်း၊ ပေကုန်း၊ သစ်စိမ့်ကုန်း၊ ဂင်းနွှဲ၊ ကျောက်မော၊ အောင်မြေနဲ့ သစ်ခွဲပင် စတဲ့ ကျေးရွာ ၁၀ ရွာမနည်းကို ထိန်းချုပ်ထားတယ်လို့ နောက်ထပ် မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ဆိုပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံတပ်တွေအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ကျောင်းသားတပ် (ABSDF) စတဲ့ တော်လှန်ရေးတပ်တွေဘက်က ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခွင့်ရခဲ့ပြီး မြို့ပြင်နေရာတွေမှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။