ရဲမာန်၊ မတ်လ ၁၇ ရက်၊ သရက်ချောင်း
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။
အရပ်သားတွေကို သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဂုံညှင်းဆိပ်ကျေးရွာအနီး ရာဘာခြံထဲ နားထင်ကို တေ့ပြီး ပစ်သတ်သွားတာပါ။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးပါ” ဆိုပြီး ဖြစ်စဉ်သိရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ဝင်းဝစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် အဆိုပါတပ်စခန်းကနေ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်သားကို လိုက်လံ ရှင်းလင်းမှု ပြုလုပ်နေပြီး တိုက်ပွဲလည်း နေ့စဉ် ဖြစ်ပွားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်က နှစ်ပေါင်း ၃၀ ကြာ အခြေချတပ်စွဲခဲ့တဲ့ ဝင်းဝစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လက်နက်ခဲယမ်းနဲ့အတူ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ မတ်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်တပ်က ဂုံညှင်းဆိပ်ရွာကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ KNU က ဒီနေ့ မတ်လ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။