ဝတ်မှုံ၊ မတ်လ ၁၄ ရက်၊ ကွတ်ခိုင်
တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်-MNDAAက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲလက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီမှာ ကွတ်ခိုင်မြို့အနီးမှာ လက်နက်ကြီးသံတွေ စတင်ကြားနေရတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခု မြို့ထဲမှာ ဆိုင်တွေအကုန်ပိတ်ကုန်ပြီ။ လက်နက်ကြီး ပစ်တာလား။ ဒရုန်းပစ်တာလား မသိဘူး။ ကိုးကန့်ဘက်က စတိုက်ပြီလို့ ပြောတယ်။ ကွတ်ခိုင်ကိုလေ။ ဆိုင်ကယ်တွေ ကားတွေလည်း ဝရုန်းသုံးကားနဲ့”
လက်ရှိ မြို့ထဲမှာ လက်နက်ကြီးနဲ့ဒရုန်းဗုံးသံတွေပါ ကြားနေရပြီး ဆိုင်တွေအားလုံးလည်း ပိတ်ထားနေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ဟာ မန်ပြိန်းဘက်ကနေ တအာင်းတပ်စခန်းရှိရာကို စတင်ပစ်ခတ်ရာကနေ လက်ရှိ မြို့ဘက်မှာလည်း တစ်ပြိုင်နက် ပစ်ခတ်သံတွေ ပြန်ကြားနေရတာ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့မစျေးအနီးမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာရှိတယ်လို့ ဒေသခံတွေပြောပေမယ့် ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။