By မိုင်းရူပ၊ ရွှေဖီမြေ
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- MNDAA တည်ထောင်ခြင်း (၃၇)နှစ်ပြည့်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော်- AA နဲ့ တအာင်းတပ်- TNLA ဘက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာ မတွေ့ရပါဘူး။
၁၀၂၇ စစ်ဆင်ရေးကို အတူဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့အကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် အခုထိ ပြေလည်မှု မရသေးပါဘူး။
ဒီတင်းမာမှုတွေဟာ မိတ်ဖက်ပဋိပက္ခအဖြစ် ပြောင်းလဲလာနေတာလားဆိုတာ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ရဲ့ တော်လှန်ရေးနေ့ကို ကျန်ညီနောင်မဟာမိတ်နှစ်ဖွဲ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား စည်းလုံးမှုနဲ့ ညီညွတ်မှုကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ဂုဏ်ပြုသဝဏ်လွှာ နှစ်စဉ်လိုလို ပေးပို့ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ MNDAA တည်ထောင်ခြင်း (၃၇)နှစ်ပြည့်မှာ ကျန်ညီနောင်နှစ်ဖွဲ့ရဲ့ ဂုဏ်ပြုသဝဏ်လွှာ မတွေ့ရတော့ဘဲ ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ်မှာ စတင်ခဲ့တဲ့ MNDAA နဲ့ TNLA ရဲ့ စစ်ရေး တင်းမာမှုဟာ ပြဿနာတွေ ပိုကြီးထွားလာခဲ့ပါတယ်။
၁ လပြည့်တဲ့အထိ နှစ်ဖက်ခေါင်းဆောင်တွေ မတွေ့ဆုံနိုင်သေးဘဲ နှစ်ဖက်တပ် စစ်အင်အား တိုးချဲ့တာ၊ အပြန်အလှန် ဖမ်းဆီးတာ၊ ကုန်စည်သယ်ယူခွင့် ကန့်သတ်တာတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ တိုက်ပွဲ မဖြစ်ပွားအောင် နှစ်ဖက်တပ် ၁ လ ကြာတဲ့အထိ ထိန်းထားနိုင်ခဲ့တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကိုးကန့်တပ်နဲ့ တအာင်းတပ်အကြား အောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်း နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပေမဲ့ နှစ်ဖက်ခေါင်းဆောင်တွေ ရက်ပိုင်းအတွင်း ဖြေရှင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဆင်ထားတဲ့ CCTV ကို TNLA ဘက်က လိုက်လံ ဖြုတ်သိမ်းပြီး ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့တွေကို အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဖက်တပ်အကြား ပဋိပက္ခ ပိုကျယ်ပြန့်လာပြီး ကိုးကန့်တပ်ဘက်က သိန္နီမြို့နယ် မိုင်းပါးရွာနဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာရှိတဲ့ တအာင်းတပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။
ဒါ့အပြင် တအာင်းတပ် ထိန်းချုပ်ဒေသဘက် ၁ လနီးပါးကြာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားပြီး တအာင်းလူမျိုးကို ပစ်မှတ်ထားပြီးတော့ စစ်ရေးမှု တင်းကြပ်တာ၊ ဖြတ်သန်းခွင့် မပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ကွတ်ခိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော်ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်ပြီး MNDAA ဘက်ကလည်း ကွတ်ခိုင်မြို့ကို ၎င်းတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြီးတဲ့နောက် ကိုးကန့်တပ်ဟာ အရင်က ကိုးကန့်အထူးဒေသ ၁ အဖြစ် သတ်မှတ်ထားတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့အပြင် ရှမ်းမြောက် သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ တားမိုးညဲနဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့တွေကို ထိန်းချုပ်ခဲ့ပါတယ်။
ထိန်းချုပ်နယ်မြေတွေကို ကိုးကန့်တပ်က သိန္နီ၊ ကွတ်ခိုင်၊ မုံးကိုး၊ လောက်ကိုင်ခရိုင် စတဲ့ခရိုင် ၄ ခု ခွဲထားပြီး အထူးဒေသ ၁ အဖြစ် အုပ်ချုပ်သွားမယ်လို့ ကြေညာထားပါတယ်။
ကွတ်ခိုင်မြို့ထဲ MNDAA ကို အရင်အတိုင်း ရုံးတွေ ဖွင့်ခွင့်ပြုမှ တအာင်းတပ်နဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ်ဘက်က ပြောဆိုထားပြီး တအာင်းတပ်ဘက်က လက်ခံတာ မရှိသေးကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ မြို့တစ်ခုမှာ လက်နက်ကိုင်တပ်တွေ များတာဟာ လူထုတွေကို ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတာကြောင့် နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီ ကင်းစင်သွားပြီးနောက် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်အချင်းချင်းကြား နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားနေပါတယ်။
MNDAA နဲ့ TNLA အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာလည်း အဲဒီ နယ်မြေသတ်မှတ်ရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်လာပါတယ်။
MNDAA နဲ့ TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးကို အတူဖော်ဆောင်ခဲ့တဲ့ အရေးပါတဲ့ ညီနောင်မဟာမိတ်တပ်တွေ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဟာ ကာလရှည်ကြာ တည်ဆောက်ခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေကို မိတ်ဖက်ပဋိပက္ခအဖြစ် အသွင်မဆောင်လာဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ဘယ်လို ညှိနှိုင်းဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ တင်းမာမှုတွေကို မဖြေရှင်းနိုင်ရင် ညီနောင်မဟာမိတ်အတွင်း ယုံကြည်မှုကို ထိခိုက်စေနိုင်သလို ရှမ်းမြောက်ဒေသရှိ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်လာနိုင်ကြောင်း…။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။