By ချယ်ရီ၊ ရွှေဖီမြေ
ပဋိပက္ခဒေသဖြစ်တဲ့ ရှမ်းမြောက်နဲ့ တအာင်းဒေသမှာ နေထိုင်တဲ့ အမျိုးသမီးအများစုဟာ စီးပွားရေးနဲ့ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်း စတဲ့အကြမ်းဖက်မှုတွေကို ကြုံနေကြရကြောင်း အချက်အလက်တွေနဲ့တကွ တွေ့မြင်နေရပါတယ်။
အကြမ်းဖက်မှုတွေထဲက အဆိုးဝါးဆုံးကတော့ လက်နက်ကိုင်တွေ သွားလာလှုပ်ရှားတဲ့ နေရာဒေသနဲ့ စစ်ဖြစ်ပွားရာဒေသတွေမှာ နေထိုင်တဲ့ ကလေးနဲ့အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေကြရပါတယ်။
လက်နက်ကိုင်လို့ ပြောဆိုရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ဆိုလိုပြီး အဖွဲ့အများစုကတော့ လိင်ပိုင်းဆိုင်ရာဖြစ်တဲ့ အဓမ္မ ပြုကျင့်မှုကို ကျူးလွန်ကြတဲ့ အချက်အလက်နဲ့ သက်သေတွေကို သတင်းဌာနကနေရော လူမှုကွန်ရက်တွေမှာပါ ရေးသားဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်က တအာင်းတပ်မတော်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်က အဓမ္မ ပြုကျင့်မှုနဲ့ လူသတ်မှုကို ကျူးလွန်ခဲ့ပါတယ်။
ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ပြီး စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ နောင်ပိန်ကနေ ထိုးစစ်ဆင်လာချိန် နားအိုက်ခန့်ရွာထဲ ဝင်ရောက်ခဲ့ပြီး အဲဒီကျေးရွာရှိ မိသားစုတစ်စုထဲက ၁၆ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြကျင့် ပစ်သတ်ခဲ့တဲ့အပြင် မိသားစုဝင် ၃ ဦးကိုပါ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတွေက ပြောပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ စစ်ပွဲကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သလို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ ကျူးလွန်ခဲ့ပြီး အဲဒီကျေးရွာမှာ ကျန်ရှိနေထိုင်ကြတဲ့ တခြားအမျိုးသမီးတွေကိုပါ တုန်လှုပ်ကြောက်လန့်ခြောက်ခြားစေတာကြောင့် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ တစ်ချိန်တည်း ကျူးလွန်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာ လလယ်ကလည်း ကွတ်ခိုင်မြို့ရှိ ဆေးပေးခန်းတစ်ခုမှာ ဆရာဝန်တစ်ဦးက သူ့ရဲ့ဆေးခန်းက ထမင်းချက်အကူ အမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမျိုးသမီးနဲ့ကလေးတွေဟာ ဆေးပေးခန်းနဲ့ဆေးရုံတွေမှာ အမျိုးသား ဆရာဝန်တွေနဲ့ ဆေးကုသဖို့ တုန်လှုပ်စေခဲ့ပါတယ်။
ဒါတင်မကပါဘူး။ စစ်ပွဲကာလအတွင်းနဲ့ ပဋိပက္ခကြားမှာ ရှင်သန်နေထိုင်ကြရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေကို အကြမ်းဖက်ခံနေကြရတဲ့အပြင် ရှမ်းမြောက်နဲ့ တအာင်းဒေသရဲ့ နေရာဒေသတိုင်းမှာ ရှင်သန်နေထိုင်ကြရတဲ့ အမျိုးသမီးတွေဟာ စီးပွားရေးဆိုင်ရာနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစားနေကြရတာကို တွေ့မြင်နေရပါတယ်။
စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုလို့ ပြောဆိုရာမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ပြုတ်ကျဖို့နဲ့ အမြစ်ပြတ်ဖို့ လူထုအုံကြွမှု ဖြစ်ပေါ်လာပြီး လူငယ်လူလတ်ပိုင်းတွေ အများစုက ဆန္ဒပြကြပါတယ်။
အဲဒီနောက် အစိုးရလုပ်ငန်းမှ ဌာနဆိုင်ရာအများစုက လူငယ်တွေဟာ CDM လုပ်လာကြပြီး တချို့က တော်လှန်ရေးထဲ ရောက်ကြတာ ရှိသလို လွတ်မြောက်နယ်မြေမှာ ကိုယ်စီ တာဝန်ထမ်းဆောင်ကြတဲ့ လူငယ်တွေလည်း ရှိကြတဲ့အပြင် တချို့က အလုပ်လက်မဲ့ ဖြစ်နေကြတဲ့လူတွေလည်း ရှိလာကြပါတယ်။
အလုပ်အကိုင် ရှားပါးတဲ့ပြဿနာကို ကြုံလာရတာကြောင့် ဝမ်းစာရေးအတွက် ပြည်တွင်းအပြင် ပြည်ပက ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်လာကြရပါတယ်။
အဲဒီအချိန်မှာဘဲ အလုပ်အကိုင် ရှားပါးတဲ့ လူငယ်တွေဟာ စီးပွားရေးသမားတချို့ရဲ့ သားကောင်တွေ ဖြစ်လာကြပါတယ်။
ပြည်တွင်းမှာရော ပြည်ပမှာပါ အများစုကတော့ အမျိုးသမီးတွေကို စီးပွားဖြစ်မြောက်အောင်မြင်ရေးအတွက် အသုံးပြုလာကြပါတယ်။
နေရာတချို့မှာတော့ အမျိုးသမီးတွေကို ကြော်ငြာရိုက်ကူးရေးအတွက် မလုံတလုံ အဝတ်အစားတွေကို ဝတ်စားဆင်ယင်စေပြီး ရိုက်ကူးခိုင်းတာ၊ နေရာတချို့မှာတော့ ရုပ်ရည်လှပတဲ့ အမျိုးသမီးတွေကို အပျော်မယ်အဖြစ် ခန့်အပ်တာ၊ နေရာတချို့မှာတော့ အမျိုးသမီးတွေကို ကုန်ပစ္စည်းသဖွယ် ကုန်ကူးတာတွေ ရှိနေပါတယ်။
ဒါတွေတင်မကဘဲ အလုပ်ရှင်၊ သူဌေးတွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံနေရတဲ့ အမျိုးသမီးတွေ ရှိသလို လုပ်ခလစာ မရဘဲ အဆင့်ဆင့် ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပါဘဲ။
တအာင်းဒေသက အမျိုးသမီးအများစုဟာ အိမ်ထောင်ဖက် အမျိုးသားတွေနဲ့ အစ်ကို၊ မောင်လေးအပြင် ဖခင်ရဲ့ စီးပွားရေးဦးဆောင်လုပ်ဆောင်မှုအတွက် ပိတ်ပင်တားမြစ်ခံနေရသလို “နင်မလုပ်နိုင်ဘူး။ နင်တို့က မိန်းကလေး ဖြစ်နေလို့ စီးပွားရေး မလုပ်သင့်ဘူး။ မဦးဆောင်သင့်ဘူး။ နင်တို့အဖေနဲ့ အစ်ကို မောင်လေးကိုမေး” စတဲ့ စကားလုံးနဲ့ အမေဖြစ်သူရဲ့ ပြောဆိုသံကို အမြဲတစေ ကြားနေရကြောင်း နမ့်ဆန်မြို့နယ်က အမျိုးသမီးတစ်ဦးရဲ့ ပြောဆိုချက်ကို ကြားခဲ့ရပါတယ်။
ဒါ့အပြင် လက်လှမ်းမှီထားတဲ့ တအာင်းဒေသက အမျိုးသမီးတွေဟာ ခေတ်အဆက်ဆက်က ဖိနှိပ်ချုပ်ချယ်လာတဲ့ ရိုးရာဓလေ့ရဲ့ အကြမ်းဖက်တာကို ခံနေကြရပြီး အိမ်တွင်း အကြမ်းဖက်မှုကိုလည်း ကြုံတွေ့ခံစားနေကြရတာကို မြင်နေရပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုလို့ ပြောဆိုရာမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စတဲ့ ၃ ခုစလုံးကို ကြုံနေရပါတယ်။
အိမ်ထောင်ရေး အဆင်မပြေတာကြောင့် လင်မယား ရန်ဖြစ်စကားများကြရင်း အိမ်ထောင်ဖက် မျိုးသားက အမျိုးသမီးဖြစ်သူကို ခြေထောက်နဲ့ ကန်တာ၊ တုတ်နဲ့ရိုက်နှက်တဲ့အပြင် ပါးစပ်နဲ့ပါ အမျိုးသမီးဖြစ်သူကို ဆဲဆိုပြီး ၎င်းအမျိုးသမီးရဲ့ မိဘ၊ ဆွေမျိုးတွေကို ဆဲဆိုခဲ့ပေမဲ့ ဘယ်သူမှ ဝင်ရောက်တားဆီးတာ မလုပ်တဲ့အပြင် ရိုက်နှက်ဆဲဆိုခံရသူ အမျိုးသမီးကိုပါ ပြစ်တင်ပြောဆိုကြတာကို တွေ့မြင်ရပါတယ်။
အထက်ပါဖြစ်စဉ်ဟာ နမ့်ဆန်မြို့နယ် ဟူးခင်အုပ်စုမှာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားနေချိန် မြင်တွေ့ခဲ့ရပေမဲ့ ဝင်ရောက်တားဆီးပေးတာ မလုပ်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လင်မယားနှစ်ဦးနဲ့ သူတို့ရဲ့ဆွေမျိုးပတ်ဝန်းကျင်အနေနဲ့ကတော့ ပြောဆိုညှိနှိုင်းပေမဲ့ မရခဲ့ဘူးလို့ လွေးက ပြောပါတယ်။
ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးဟာ ၁၀ နှစ်နီးပါး အမျိုးသားဖြစ်သူရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရတဲ့အပြင် မိဘဖြစ်သူကိုပါ အားကိုးအားထားလို့ မရခဲ့ပါဘူး။
”ကျမ မိဘက အိမ်ပေးမပြန်ဘူး။ သူတို့သိတယ် ကျမ ရိုက်နှက်ခံနေရတာ။ နင်တို့အိမ်ထောင်ရေးကို ငါတို့ ဝင်မပါချင်ဘူးတဲ့။ ပြီးတော့ ကျမက အိမ်မှုကိစ္စ မနိုင်လို့တဲ့ ဖြစ်မှာပေါ့တဲ့” ဆိုပြီး ၎င်းအမျိုးသမီးက အဲဒီတုန်းက ကြုံတွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။
တအာင်းဒေသရဲ့ နေရာအများစုက သက်ကြီးရွယ်အိုနဲ့ အမျိုးသားထုတချို့ဟာ အမျိုးသမီးတွေကို အိမ်ဖော်မ၊ အိမ်ရှင်မအဖြစ်သာ မြင်ကြပြီး အမျိုးသမီး ဖြစ်နေရင် အိမ်မှုကိစ္စ နိုင်နင်းရမယ်လို့သာ သတ်မှတ်ထားကြပါတယ်။
တအာင်းဒေသမှာ ခေတ်အဆက်ဆက် ကျင့်သုံးလာကြတဲ့ ဓလေ့ထုံးတမ်းတချို့ဟာ အင်မတန်မှ ချစ်စရာကောင်းပြီး ဆက်လက် ထိန်းသိမ်းသင့်တဲ့ ရိုးရာဓလေ့ ရှိသလို အလွန်အမင်း ကြောက်စရာ ကောင်းလွန်းပြီး အန္တရာယ်ရှိတဲ့ ဓလေ့တွေလည်း များစွာရှိနေတာကို တွေ့နေရပါတယ်။
လက်ရှိ တိုးတက်လာတဲ့ ခေတ်ကာလထဲ ရောက်နေပြီ ဖြစ်တာကြောင့် အမျိုးသမီးတချို့ဟာ အမျိုးသားနဲ့တန်းတူ ရင်ဘောင်တန်းလာနိုင်ကြပြီဖြစ်လို့ ရှေးရိုးစွဲအတွေးနဲ့ ဓလေ့တွေကို စတင်တိုက်ခိုက်လာကြပါပြီ။
ဒါ့အပြင် အမျိုးသမီးထုတွေကို ပံ့ပိုးကူညီပေးတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေလည်း အသိပညာပေးတာတွေ ပိုလုပ်ဆောင်လာတာကြောင့် နေရာတချို့နဲ့ ကျေးရွာတချို့မှာ အမျိုးသမီးအပေါ် ခွဲခြားဖိနှိပ်တဲ့ဓလေ့နဲ့အယူအဆတွေ တဖြေးဖြေးနဲ့ ပျောက်ကွယ် လျော့နည်းလာတာကို တွေ့ရပါတယ်။
အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်ချုပ်ချယ်တဲ့လုပ်ရပ်နဲ့ အကြမ်းဖက်မှုတွေကို လျှော့ကျပပျောက်အောင် တားဆီးအရေးယူ လုပ်ဆောင်ပေးကြဖို့ တအာင်းဒေသမှ အမျိုးသမီးတွေက ပြည်တွင်းရှိ အမျိုးသမီးအရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့ကိုပါ တောင်းဆိုထားကြပါတယ်။
အမျိုးသမီးအခွင့်အရေး CEDAW စာချုပ်ကို မြန်မာနိုင်ငံအပါအဝင် ၁၈၉ နိုင်ငံက လက်မှတ် ရေးထိုးထားကြပေမဲ့ မြန်မာနိုင်ငံရှိ အမျိုးသမီး ထက်ဝက်ကျော်က အကြမ်းဖက်မှု အမျိုးမျိုး ကြုံနေရဆဲပါ။
CEDAW စာချုပ်ဟာ အမျိုးသမီးတွေကို ကာကွယ်ဖို့ ရေးဆွဲပြဌာန်းထားတာ ဖြစ်ပေမဲ့ သူ့အားနည်းချက်ကတော့ အကြမ်းဖက်မှု စကားလုံးကို ထည့်သွင်းဖော်ပြ ရေးသားထားတာ မရှိပါဘူး။
ဒါ့ကြောင့် အမျိုးသမီးအများစုက အကြမ်းဖက်ခံနေရတဲ့ လူသားအဖြစ်မှ လွှတ်မြောက်ဖို့နဲ့ ဖိုဝါဒ ကြီးစိုးတဲ့ ပတ်ဝန်းကျင်၊ ရပ်ရွာဒေသကနေ လွှတ်ကင်းကြဖို့ သက်ဆိုင်ရာ အဖွဲ့တွေက အားသွန်ခွန်စိုက် လုပ်ဆောင်ပေးကြဖို့ အမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။