မိုင်းရူပ၊ မတ်လ ၆ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့မှာ စက်သုံးဆီဈေး အဆမတန် မြှင့်တက်နေပြီး တစ်လီတာ မပြည့်တဲ့ တစ်ဗူးကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ မိုးကုတ်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ရှိ ပန့်ဆီဆိုင်အားလုံးနီးပါး ပိတ်ထားပြီး အပြင်ဆိုင်တွေမှာ တစ်လီတာ မပြည့်တဲ့ ဗူးတစ်ဗူးကို တစ်သောင်းခွဲအထိ ပေးဝယ်နေရတယ်လို့ မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လေးထောင်ပုလင်း တစ်လုံးကို ၁ သောင်းခွဲ၊ တစ်လီတာတောင် မပြည့်ဘူး။ ပန့်ဆီဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ရွာဘက်တွေမှာဆိုရင် ဆီပြတ်ကုန်ပြီ”
ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကစပြီး နိုင်ငံတဝန်းရှိ လူထုတွေ စက်သုံးဆီ ပြတ်လတ်မှုနဲ့ စတင်ကြုံတွေ့နေရပြီး စက်သုံးဆီရဖို့ နာရီနဲ့ချီ စောင့်ဆိုင်းနေရတာ၊ ဆီဈေး အဆမတန် မြှင့်တက်တာတွေ ကြုံနေရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆီ ပြတ်လပ်မှု မရှိအောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီ ရက်ပေါင်း ၄၀ စာ ကျန်ရှိနေသေးပြီး စက်သုံးဆီ ချွေတာဖို့ အိမ်သုံးကားနဲ့ ဆိုင်ကယ်တွေကို ကား၊ ဆိုင်ကယ် နံပါတ် “စုံ၊ မ” ခွဲပြီး တစ်ရက်ခြား မောင်းနှင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်သုံးဆီ ရှိထားပြီး ဆိုင်ပိတ်ထားတဲ့ အရောင်းဆိုင်တွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။