ပို့လဘား၊ မတ်လ ၂ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးတစ်ဦး ရေနစ်ပြီး သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မတ်လ ၁ ရက် နေ့လယ် ၁၂ နာရီခွဲကျော်မှာ အသက် ၈ နှစ်ဝန်းကျင် ကလေးတစ်ဦးက နမ့်ဖတ်ကာရွာအနီးမှာရှိတဲ့ ရေပူစမ်းမှာ ရေကူးရာကနေ ရေနစ်ခဲ့တာပါ။
“အဲရေပူစမ်းက ရေ မနက်ဘူး။ သူဘယ်လိုကနေ ဘယ်လို ဖြစ်သွားတာလဲတော့ မသိဘူး။ ရေအကြာကြီး စိမ်ထားရင် အားမရှိတော့ဘူးလေ။ သူလည်း ရေကူးရင်းနဲ့ အားမရှိတော့ ကိုယ့်ကို မနိုင်တော့တာထင်တယ်။ သူ့ကိုဆေးရုံပို့ဖို့ လုပ်နေတဲ့အချိန်မှာပဲ လမ်းတစ်ဝက်မှာ သေသွားတာ။ ရေပူစမ်းမှာ အဲလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပထမအကြိမ် ဖြစ်သွားတာပဲ”
ရေနစ်သေဆုံးသွားတဲ့ ကလေးဟာ ၎င်းရဲ့ ဆွေမျိုးနဲ့ နမ့်ဖတ်ကာရှိ ရေပူစမ်းမှာ အလည်လိုက်လာတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာဇာတိ ဖြစ်တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရေလှောင်တမံမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ကျောင်းသားတစ်ဦး ရေ သွားကူးရင်း ရေနစ်သေဆုံးခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာရှိတဲ့ နမ့်မောချောင်းမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။