မိုင်းကုတ်ဇာရ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ နမ့်ဆန်
လက်ဖက်မြေ ပညာရေးဖောင်ဒေးရှင်း- TLEF က ဦးစီးဖွင့်လှစ်တဲ့ အပတ်စဉ်(၃) လက်ဖက်မြေ နိုင်ငံရေး သိပ္ပံကျောင်း- TLSPS အောင်မြင်သွားကြတဲ့ ကျောင်းသူကျောင်းသား ၃၄ ဦးဟာ တအာင်းတပ်မတော်- PSLF/TNLA လက်အောက်ရှိ ဌာနဆိုင်ရာနဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းတွေမှာ အလုပ်သင် ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်လောက်မှာ စတင်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး အလုပ်သင်(Internship Period) ကာလကိုတော့ မတ်လကုန်အထိ သတ်မှတ်ထားတယ်လို့ အလုပ်သင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။
အလုပ်သင်ကာလမှာ ပေါ်လစီပိုင်းကို ဦးစားပေးပြီး လေ့လာနေရတာ မဟုတ်ဘဲ အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေရဲ့ ရုံးပိုင်းဆိုင်ရာ လည်ပတ်ပုံကိုသာ အဓိကထားပြီး လေ့လာသင်ယူနေရတယ်လို့ တအာင်းပြည်ကောင်စီ- TLC မှာ အလုပ်သင် ဝင်ရောက်နေတဲ့ မိုင်းနော;ယေန်က ပြောပါတယ်။
“ကျောင်းတက်နေတဲ့ အတောအတွင်းက သင်ယူခဲ့ရတဲ့ ဘာသာရပ်နဲ့ လက်ရှိ အလုပ်သင်ကာလမှာ ပြန်ပြီးတော့ အသုံးချတဲ့အခါ ထပ်တူမကျဘူးလို့ ပြောရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာတုန်းကတော့ ကိုယ်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာတွေ သင်ခဲ့တယ်။ အခု အလုပ်သင်ထဲ ရောက်သွားတဲ့အခါမှာ ဘာတွေလုပ်ရလဲမေးရင် ပေါ်လစီပိုင်းကို စဉ်းစားနေရတဲ့ အခြေအနေမျိုး မဟုတ်ဘူးပေါ့နော်။ အဓိက သူတို့ရုံးမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်နေတာလဲ။ ဖိုင်တွေ ဘယ်လို တည်ဆောက်နေလဲ။ ရုံးလုပ်ငန်းတွေကိုပဲ အဓိက လေ့လာနေရတယ်ဆိုတော့ Office Management (ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု)ပဲ သွားတာများတယ်လေ”
လေ့လာခဲ့ရတဲ့ ဘာသာရပ်အများစုဟာ နိုင်ငံရေး ဘာသာရပ် ဖြစ်တာကြောင့် လုပ်ငန်းခွင်ထဲ တိုက်ရိုက်အသုံးချလို့ မရသေးပေမဲ့ တချို့အပိုင်းမှာတော့ ကိုက်ညီမှုရှိကြောင်း တအာင်းပြည် ပညာရေးကောင်စီ- TLEC မှာ အလုပ်သင် ဝင်နေတဲ့ မိုင်းဟိူဝ်ဇာရ်က ပြောပါတယ်။
“သင်ခဲ့တဲ့ ဘာသာရပ်တွေနဲ့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်ကတော့ တချို့ဘာသာရပ်ကတော့ ကိုက်ညီမှု ရှိပါတယ်။ ဥပမာ စီမံခန့်ခွဲမှုအပိုင်း (Management)တို့ အသုံးဝင်တယ်လေ။ ဘာသာရပ်တိုင်းက ကိုက်ညီမှု ရှိတယ်လို့ မဆိုလိုပါဘူး။ အရမ်းကြီး အထောက်အကူ ပြုတာကတော့ ကွန်ပျူတာနဲ့ ဆက်ဆံပြောဆိုခြင်း (Communication Skills)တို့က အများကြီး အထောက်အကူ ပြုတာပေါ့နော်”
တအာင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့- TSYU မှာ အလုပ်သင် ဝင်နေတဲ့ လွေးလှာငျံရ်ကလည်း အလုပ်သင် ဝင်ရောက်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျမတို့ သင်ခဲ့တဲ့ ဘာသာရပ်နဲ့ လက်ရှိ အလုပ်ခွင်ထဲမှာ လက်တွေ့မှာ အသုံးဝင်သလားဆိုတော့ TSYU မှာ ရောက်လာကတည်းက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတမ်းတွေ ရေးရတယ်လေ။ အဲဒါကြောင့် တချို့ဘာသာရပ်က သက်ဆိုင်မှုရှိတယ်။ ဥပမာ တရားဥပဒေ စိုးမိုးရေး (Rule of Law)၊ ဒီမိုကရေစီ (Democracy)နဲ့ ဖက်ဒရယ် (Federalism)တို့က ကျမတို့ရေးတဲ့ စာတမ်းကို အထောက်အကူပြုတယ်”
အလုပ်သင်ကာလ ပြီးဆုံးရင် TLEF အဖွဲ့အစည်းထဲ ပြန်လည် တာဝန်ထမ်းဆောင်မယ့်သူရှိသလို တချို့ကတော့ ၎င်းတို့ အလုပ်သင် ဝင်ရောက်ခဲ့တဲ့ အဖွဲ့အစည်းမှာသာ ဝင်ရောက်လုပ်ကိုင်မယ်လို့ ဆိုပါတယ်။
ဘွဲ့ရကျောင်းသူကျောင်းသားတွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO မှာ ၂ ဦး၊ TSYU မှာ ၂ ဦး၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း- THO မှာ ၁ ဦး၊ ရွှေဖီမြေသတင်းအေဂျင်စီ- SPM မှာ ၁ ဦး၊ TLEC မှာ ၂ ဦး၊ TLC မှာ ၂ ဦး၊ တအာင်းပညာရေး အင်စတီကျူ့- TEI မှာ ၂ ဦး၊ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC မှာ ၂ ဦး၊ တအာင်းအမျိုးသားပါတီ- TNP မှာ ၁ ဦး၊ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့- TLAF မှာ ၁ ဦးနဲ့ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့- TEWG မှာ ၁ ဦး အလုပ်သင် ဝင်ရောက်နေပါတယ်။
ဒါ့အပြင် PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနမှာ ၂ ဦး၊ တရားစီရင်ရေးဌာနမှာ ၂ ဦး၊ သတင်းနဲ့ပြန်ကြားရေးဌာနမှာ ၂ ဦး၊ အမျိုးသမီးဌာနမှာ ၁ ဦး၊ ဗဟိုဌာနချုပ်ရုံးမှာ ၃ ဦး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ မှတ်ပုံတင် ထုတ်ပေးရေးဌာနမှာ ၁ ဦး၊ မော်တော်ယာဉ် မှတ်ပုံတင် စိစစ်ရေးအဖွဲ့မှာ ၁ ဦး၊ စစ်ဦးစီးချုပ်မှာ ၂ ဦး၊ ဥပဒေရုံးမှာ ၁ ဦးနဲ့ တအာင်းရဲတပ်ဖွဲ့မှာ ၂ ဦးတို့ ဖြစ်ပါတယ်။
TLEF က ဦးစီးဖွင့်လှစ်တဲ့ ၂ နှစ်ကြာ TLSPS ကျောင်းကို အပတ်စဉ်(၃)အထိ ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးအပတ်စဉ်ဖြစ်တဲ့ အပတ်စဉ်(၃)ရဲ့ ဒီပလိုမာဘွဲ့ ပေးအပ်တဲ့ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တအာင်းဒေသ နမ့်ဆန်မြို့နယ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အပတ်စဉ်(၁)ကို ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ်(၂)ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ရှမ်းမြောက် လားရှိုးမြို့ထဲ ဖွင့်လှစ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။