ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ မိုင်းဆတ်
ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်က မူးယစ်ဆေးဝါးချက်တဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
မူးယစ်ဆေးဝါး ချက်လုပ်တဲ့စခန်းဟာ မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ ဝမ်လုံးကျေးရွာအနီးက တောထဲ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ ဘိန်းမဲ ၃ ထုပ်၊ ဘိန်းဖြူတစ်တုံး၊ အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်စီပါတဲ့ အထုပ် ၉ ထုပ်၊ ယာမဆေးပြား ၆ ထောင်ပြားခန့်ပါတဲ့အထုပ် ၁၂ ထုပ်၊ ၉၉၉ တံဆိပ်ပါ ယာမဆေးပြား တစ်သောင်းခန့်ပါတဲ့အစည်း ၁၀ စည်း၊ ယာမဆေးပြား ဆာလာအိတ် တစ်ဝက်နဲ့ ၁၂ အိတ်၊ ယာမဆေးပြား ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဆေးမှုန့် ၁၂ အိတ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကို သက်ဆိုင်ရာသို့ အပ်နှံပေးမှာဖြစ်သလို မီးရှို့ဖျက်ဆီးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
အဲဒီနေရာမှာ မူးယစ်ဆေးဝါးနဲ့အတူ အသုံးအဆောင်ပစ္စည်းသာ ဖမ်းဆီးရမိပြီး ပိုင်ရှင်ကိုတော့ ဖမ်းမိတာ မရှိကြောင်း စစ်ကောင်စီက ဆိုပါတယ်။
၎င်းနေရာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေသာ သွားလာတဲ့နေရာဖြစ်ကြောင်း နယ်မြေဒေသအကြောင်း သိရှိသူ သတင်းအရင်းအမြစ်က ပြောဆိုပါတယ်။
”သိရသလောက်ဆိုရင် အဲတကြောက စကစနဲ့ သူ့လက်အောက်ခံဘဲ စိုးမိုးတဲ့ နေရာတွေပါ”
ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ဝန်းကျင်ကလည်း မိုင်းရယ်နဲ့ သီပေါမြို့နယ်မှာ စစ်တပ်က မူးယစ်ဆေးဝါးချက်တဲ့ စခန်းတွေကို ခပ်စိပ်စိပ် ဖမ်းဆီးခဲ့ပြီး အဲဒီဖမ်းဆီးရမိမှုဟာ တစ်နိုင်ငံလုံး ထုတ်လုပ်မှုရဲ့ ၃၃.၄၄ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။