မိုးထက်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ နောင်ချို
စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးရဲ့ ဓားပြတိုက် လုယက်တာ ခံခဲ့ရတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်အနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ခဲ့တာဖြစ်ပြီး ၁ ကျပ်သားရှိတဲ့ ရွှေဆွဲကြိုး ပါသွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“110 ဆိုင်ကယ် အစုတ်လေးနဲ့ လူနှစ်ယောက် စီးလာတယ်။ ဆွဲကြိုးကို လုသွားတယ်။ ရှေ့ကတစ်ယောက် ဘာမှမတပ်ထားဘူး။ အနောက်မှာစီးတဲ့တစ်ယောက်ပဲ မတ်စ်တွေ တပ်ထားတယ်။ ဦးထုပ်တွေ ဆောင်းထားတယ်။ သူ့မျက်နှာကို အကုန်အုပ်ထားတယ်။ မီးသတ်ရုံးနားက လမ်းမကြီးပေါ်မှာပဲ လုခံရတာ။ လူတွေလည်း အများကြီးပဲ ရပ်ကြည့်နေကြတာ။ လာကူညီတာတွေလည်း မရှိဘူး။ ဘာမှမလုပ်ပေးနိုင်ဘူး”
နောင်ချိုမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားနေပေမဲ့ ဘယ်အမှုကိုမှ ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
“သက်ဆိုင်ရာတွေဆီ ပြောရင်လည်း သူတို့က အေးအေးဆေးဆေးပဲ လုပ်နေကြတာ။ ဖုန်းလုခံရ၊ ပိုက်ဆံအိတ် လုခံရတာတွေက ခဏခဏ ဖြစ်နေတယ်။ သူတို့ ဘာမှမလုပ်ပေးကြဘူး။ အုပ်ချုပ်မှု မကောင်းရင် မြို့လယ်ခေါင်မှာ လူသတ်တဲ့အထိ ဆိုးလာလိမ့်မယ်”
စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေတဲ့ နောင်ချိုမြို့အပြင် တန့်ယန်း၊ လားရှိုး၊ မူဆယ်မြို့မှာလည်း အခုလို ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ပေးနိုင်တာ မရှိဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတင် လားရှိုး ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။