ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၇ ရက်
တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ကိုးကန့်တပ်မတော် MNDAA က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို သွားရောက်ပြီး SSPP ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
နှစ်ဖက်တပ်အကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ရရှိဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ SSPP နဲ့ MNDAA တို့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်သွားဖို့အတွက် နှစ်ဖက်တပ်တွေ သဘောတူညီခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုကို MNDAA ဘက်က နိုင်ငံခြားရေးဌာနမှူး Mr. Peng Kun နဲ့ စစ်ဦးစီးဌာနချုပ်ရုံးရဲ့ ဒုတိယစစ်ဦးစီးမှူး (၁) Mr. Gao Shi Qi တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
SSPP ဘက်ကတော့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ပန်ဖ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
SSPP နဲ့ MNDAA ဟာ “ဝ” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်သလို မြောက်ပိုင်းမဟာမိတ်တပ်တွေလည်း ဖြစ်ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။