ပို့လဘား၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ၈ ဦးအထိ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပေါက်မြို့နယ်က ချက်ကန်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာပဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပေါင် ၅၀၀ နဲ့ ၃၀၀ လာချသွားတယ်။ သေတာက ၁၀ ယောက်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာကတော့ ၈ ယောက် ရှိတယ်။ သေဆုံးသူတွေထဲမှာ တချို့ဆိုရင် ခန္ဓာကိုယ် မမြင်ရတော့ဘူး။ မွတာ ကြေတာများတယ်။ ကောက်မရတော့ဘူး။ ဒဏ်ရာရပြီး သေတဲ့သူလည်း ရှိနေတယ်ဆိုတော့ အခုချိန်ထိ အတိအကျ အတည်မပြုနိုင်သေးဘူး”
လူသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခွဲမှာလည်း မြိုင်မြို့နယ် ညောင်အုပ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းအဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာလည်း မြိုင်မြို့နယ် ရွာသစ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။