သုတ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ လားရှိုး
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ရခဲ့တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာတာတွေ့ရသလို လားရှိုး-နမ္မတူလမ်း လားရှိုးမြို့အထွက်မှာလည်း စစ်အင်အားတွေ ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။
“တိုင်းနားတစ်ဝိုက်မှာလည်း ကတုတ်ကျင်းတွေ တူးပြီး စစ်ရေးပြင်ထားတယ်။ မနေ့လည်း နမ္မတူသွားတဲ့ လမ်းဘက် စစ်ကားတွေ သွားနေတာ တွေ့တယ်” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် (၁၁) နယ်မြေ (၉) ထဲမှာ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
လက်ရှိအချိန်အထိ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့ကို မသိရသေးဘဲ စစ်ကောင်စီတပ်က လားရှိုးမြို့ထဲကို ထိန်းချုပ်ထားပြီး မြို့ပြင်က နေရာတွေကိုတော့ ကိုးကန့်တပ်မတော် – MNDAA က ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လားရှိုးမြို့ပြင်ရှိ ကိုးကန့်တပ်တွေကို စစ်ကောင်စီက တပ်ဆုတ်ခိုင်းနေတာကြောင့် နှစ်ဖက်တပ်အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး နှစ်ဖက်တပ်တွေ အပစ်ရပ်ထားတာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။