ဓာတ်ပုံ- Facebook

ယာရူစိင်း၊ ဇန်နဝါရီ ၂၁ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ ကုန်သည်တွေရဲ့ ကားနဲ့ ဆိုင်ကယ်ကို စစ်တပ်က လိုက်လံ သိမ်းဆည်းပြီး ငွေ သိန်းချီနဲ့ ပြန်ရွေးယူခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ဆိုင်ကယ် ၆ စီးကို သိမ်းဆည်းခဲ့သလို ဇန်နဝါရီ ၁၂ ရက်မှာလည်း ၄ စီး ထပ်မံ သိမ်းယူသွားတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော် သိထားတာတော့ ကားဆိုရင် ၃၅ သိန်း ဆိုင်ကယ်ဆိုရင် ၅ သိန်းအထက် ပြန်ရွေးရတာလို့‌တော့ ကြားထားတာပေါ့။ ဒီအာဏာသိမ်းပြီးမှ သူတို့ အဲလို တင်းကြပ်လာတာပါ။ အရင်ကတည်းက လိုက်သိမ်းတယ်ဆိုပေမဲ့ ဒီနောက်ပိုင်းမှာကျ ပိုဆိုးလာတာပေါ့။ အဓိက ကုန်တင်တဲ့ ကား ဆိုင်ကယ်တွေပါဘဲ။ အရင်က အခွန်ကောက်လူကြီးက ပြည်သူတွေဘက် ကြည့်ပေးတယ်။ လူလဲလိုက်ပြီလို့တော့ ကြားတယ်။ အဲကြောင့် လုပ်ဆောင်မှုတွေက မတူတော့ဘူးပေါ့”

တောင်းတဲ့ငွေကို ပေးပြီးရင် ကုန်တင်ကားတွေကို ပြန်ပေးပေမဲ့ ဆိုင်ကယ်‌တွေကိုတော့ ၁ ပတ်‌ကျော် ကြာတဲ့အထိ သိမ်းဆည်းထားတတ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ကုန်သည်တွေကို အဲလိုလိုက်ဖမ်းတော့ သိပ်မထွက်ရဲကြတော့ဘူး။ ဆိုင်ကယ်တွေကို ဂိုဒေါင်မှာ သိမ်းထားတယ်လို့ သိရတယ်ပေါ့။ အမှန်တစ်ကယ်တော့ ဒီဟာက ပြည်သူတွေ လုပ်ကိုင်စားသောက်ကြတဲ့ အလုပ်ပေါ့။ ဒါက ပြည်သူပိုင် ပြည်သူပစ္စည်းလေး တစ်ခုခု အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ မဟုတ်ရင် တရားဝင် အခွန်ဆောင်တာမျိုး လုပ်မလား ဒါမှမဟုတ် အဲလိုဘဲ သိမ်းထားတော့မှာလား။ ဘာမှတုန့်ပြန်တာ မရှိပါဘူး။ ပြည်သူတွေဘဲ နစ်နာတာပါ” လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

လတ်တလောမှာ ဆိုင်ကယ် ကားတွေကို လိုက်လံ သိမ်းဆည်းတာဟာ ပုံမှန်လုပ်ဆောင်နေကြ အလုပ်တစ်ခုလို ဖြစ်နေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဖြစ်နေကျ သိမ်းနေကျလို ဖြစ်နေတော့လေ။ သူတို့က စိတ်မထင်ရင် မထင်သလို သိမ်းတာဘဲ။ ပစ္စည်းတွေကိုလည်း သိမ်းပြီးတော့ ဒီအတိုင်း တစ်ခါတည်း သူတို့ရဲ့ တပ်ဖွဲ့တွေ လာပြီးတော့မှ ဆိုင်ကယ်တွေကို ကားနဲ့သိမ်းသွားတာလည်း ရှိတာပေါ့။ ပြီးမှ ပြန်လာရွေးရတာမျိုးပေါ့။ ပုံမှန် လည်ပတ်မှု ဖြစ်နေတယ်ပေါ့”

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၂၂ ရက်မှာ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်ဂိတ်ကနေ သယ်ယူနေတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး သယ်ယူခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဒါ့အပြင် မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ဘက်အထွက်မှာရှိတဲ့ ပန်ခမ်းတံတားရှိ စစ်ကောင်စီတပ် ပူးပေါင်းဂိတ်ကလည်း ကုန်တင်ကား တစ်စီးကို ငွေ ၁၂ သိန်း တောင်းခံတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။