လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၈ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအကျော်မှာ ပါဂျရိုကားတစ်စီး ဘရိတ်ပေါက်ရာကနေ တိမ်းမှောက်ပြီး ကားမောင်းသူ အမျိုးသားတစ်ဦး သေဆုံးပြီးတော့ နောက်ထပ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ အထက်ပန်ယုတ်ရွာကနေ မီးသွေးအိတ် ၆၀ အိတ် တင်လာတဲ့ ပါဂျရိုကားတစ်စီးဟာ မန်ပူးရွာအကျော်က ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ရွာကနေ နမ့်ခမ်းဘက် တက်သွားတာ။ နမ့်ခမ်းမှာ မီးသွေးရောင်းဖို့ သွားတာ။ လမ်းမှာ ဘရိတ်ပေါက်သွားတာ” လို့ ပြောပါတယ်။
ကား တိမ်းမှောက်မှုကြောင့် ကားမောင်းသူ အသက် ၂၄ နှစ်အရွယ် မောင်သန်းထွန်းဆိုသူ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်စည်သူဟာ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာလည်း ပန်ဟန်ကြီးရွာနဲ့ မိုင်းဝီးလမ်းကြားမှာ ပါဂျရိုကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာကြောင့် ကားထဲ ပါလာတဲ့ ဘုန်းကြီး ၅ ပါး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၇ ရက်မှာလည်း လားရှိုး-သိန္နီမြို့နယ်ကြားမှာ တွဲကားတစ်စီး တိမ်းမှောက်ပြီး ကားမောင်းသူနဲ့ ကားစပယ်ယာ သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။