ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၆ ရက်
ကိုးကန့်တပ်မတော်- MNDAA ရဲ့ ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၉ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က တိုက်တွန်းကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်ဆယ်ရွာခံတွေရဲ့ လယ်ယာမြေပေါ် MNDAA က ဒေသခံတွေကို အသိပေးခြင်း မရှိဘဲ ရွှေတူးဖော်ရာကနေ ဒေသခံတွေက ၎င်းတို့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ ဆန္ဒပြတဲ့ ဒေသခံနဲ့ MNDAA တပ်ဖွဲ့ဝင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ဒေသခံ ၃၆ ဦးကို MNDAA က သိန္နီမြို့ဘက် ခေါ်ဆောင်သွားကာ ဖေဖော်ဝါရီ ၂ ရက်မှာ ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
စိုင်းပန်းစိန်၊ စိုင်းဆမ်၊ စိုင်းလူ၊ စိုင်းညွန့်၊ စိုင်းသန်း၊ စိုင်းစံမြ၊ စိုင်းပွင့်၊ စိုင်းမောင်ယောင်း၊ စိုင်းထွန်းကျော် စတဲ့ဒေသခံ ၉ ဦးကိုတော့ MNDAA က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ရိုက်နှက်နှိပ်စက်မှုကြောင့် အဲဒီထဲက ၃ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ Tai Student’s Union ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ရွှေဖီမြေက စုံစမ်းမေးမြန်းချက်အရ မနေ့ ဖေဖော်ဝါရီ ၅ ရက်အထိ ဖမ်းဆီးထားတဲ့ အဲဒီဒေသခံ ၉ ဦးကို MNDAA က ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။
MNDAA အနေနဲ့ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ထိခိုက်စေတဲ့ စည်းဘောင်ကျော်လွန် ချိုးဖောက်နေမှုကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။