ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၄ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ငြိမ်းချမ်းရေးကုန်းနဲ့ ရဲစခန်းအနီးက နေအိမ်တချို့ကို ဒီလ လလယ်နောက်ဆုံးထားပြီး စစ်ကောင်စီက ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်ကောင်စီတပ်အပြင် ရဲနဲ့ ဌာနဆိုင်ရာတွေက ငြိမ်းချမ်းရေးကုန်းက နေအိမ် ၃ အိမ်နဲ့ ရဲစခန်းကပ်ရပ်က အိမ် ၂ အိမ်ကို ဒီလ ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
“မပြောင်းမနေရပါ။ သူတို့အိမ်က နိုင်ငံတော်ပိုင်မြေထဲမှာ ပါလို့ အဲလိုလုပ်တာတဲ့” လို့ ပြောပါတယ်။
နေအိမ်ပြောင်းရွှေ့ခိုင်းခံရသူတွေဟာ တအာင်းနဲ့ ရှမ်းလူထုအိမ်တွေဖြစ်ပြီး သက်ဆိုင်ရာက နစ်နာကြေးပေးတာလည်း မရှိကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
ဒါ့အပြင် ၎င်းဖယ်ရှားခံရတဲ့ နေအိမ်တွေဟာ မြေဂရမ်တွေ မရှိထားတာကြောင့် ဖြစ်တယ်လို့ နောက်ထပ် မြို့ခံအမျိုးသားက ဆိုပါတယ်။
”တကယ်တော့ မြေဂရမ်မရှိတဲ့ အိမ်ခြံတွေသာဆို အများကြီးပါ။ သူတို့ (စကစ) က တမင်တကာ လူထုပိုင်နက်ကို သိမ်းတာ” လို့ ပြောပါတယ်။
ဘာကြောင့် နေအိမ်တွေကို ဖယ်ရှားခိုင်းတာလည်းဆိုတာကိုတော့ အကြောင်းအရင်း အတိအကျကိုတော့ မသိရပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် ဖေဖော်ဝါရီလကလည်း ကျောက်မဲမြို့နဲ့ သီပေါမြို့မှာ စစ်ကောင်စီတပ်က တအာင်းတပ် TNLA နဲ့ ပတ်သက်တယ်ဆိုပြီး လူထုတွေရဲ့ နေအိမ်တချို့ကို ချိတ်ပိတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။