ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ အသက် (၃၃) နှစ်အရွယ် မိုင်းတင်မောင်ဆိုသူဟာ ၁၀၅ မိုင်ကနေ မူဆယ်ဘက်သို့ သုံးမတ်ကျောက်ခေါ် ဗြုန်းကို ၆ ဘီးကားနဲ့ တင်ဆောင်လာစဉ် ၁၀၅ မိုင်အထွက် နန့်ပန်း စစ်ဆေးရေးဂိတ်မှာ ကျောက်တင်ပို့ခွင့်စာရွက် မရှိလို့ဆိုပြီး ဂိတ်စောင့်နေတဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။
“ဂိတ်မှာက ကျောက်တင်ကားတွေကို စာအုပ်လုပ်ပေးတာပေါ့။ အခွန်ဆောင်ရတယ်။ သူက ဂိတ်ရောက်တော့ စာရင်းမှတ်နေတဲ့ ကိုးကန့်စစ်သားက စာအုပ်မရှိဘူးလားလို့ မေးတာ။ မရှိလို့ ပြန်ပြောတော့ စကားအချေအတင် ဖြစ်ကြတာပေါ့။ အဲဒီနောက် ကိုးကန့်စစ်သားက သူ့ကို ဂိတ်အနောက် ခေါ်သွားပြီးတော့မှ ရိုက်တာ” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဗြုန်းတင်ဆောင်လာတဲ့ မိုင်းတင်မောင်ဟာ နားထင်၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံရပြီး လက်ရှိမှာ ဆေးကုနေရတယ်လို့ သူက ဆက်ပြောပြပါတယ်။
အခုလို အရပ်သားတွေကို ဂိတ်စောင့်တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာတွေ ပြုလုပ်တဲ့အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ထိထိရောက်ရောက် အရေးယူပေးဖို့ ရိုက်နှက်ခံရသူတွေက တောင်းဆိုထားပါတယ်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA နဲ့ တအာင်းတပ် TNLA တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။