မိုင်းဖိူမ်းဆငဲ၊ ဖေဖော်ဝါရီ ၃ ရက်၊ လားရှိုး
ကိုးကန့်တပ်မတော် – MNDAA က ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလကနေ ဒီနှစ် ဇန်နဝါရီလအကုန်အထိ ၄ လအတွင်းမှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး စုစုပေါင်း စစ်သုံ့ပန်း ၈၃၄ ဦး ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
ရွှေဖီမြေစုဆောင်းထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ ၄၆ ဦး၊ နိုဝင်ဘာ ၁၁ ရက်မှာ ၂၀၂ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ ၈၆ ဦးနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ၅၀၀ ဦး စုစုပေါင်း ၈၃၄ ဦး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က MNDAA ကို လားရှိုးကနေ သိန္နီမြို့အထိ ဆုတ်ပေးဖို့နဲ့ လားရှိုးနဲ့ သီပေါကြားက ပြည်ထောင်စုလမ်းပေါ်မှာ ဂိတ်မထိုင်ဖို့ ဆက်တိုက်တောင်းဆို ဖိအားပေးနေပါတယ်။
ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက “ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရရော စီးပွားရေးအရပါ စကစလက်ထဲ အပါခံလို့ မရဘူးဆိုတာ ကိုးကန့်ဖက်က သိပါတယ်။ ကုန်သွယ်ရေးလမ်း ကောင်းနေတဲ့အပေါ် စကစဖက်က မျက်မုန်းကျိုးပြီး ဖိအား တရစပ်ပေးနေတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့ဟာ လားရှိူးမြို့မှာ တစ်ပတ်ကို ၁ ကြိမ် တွေ့ဆုံဆွေးနွေးနေကြပြီး ပြီခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစလို့ MNDAA ဖက်က လားရှိုးမြို့ပြင် မယ်ဟန်ကျေးရွာရှိ ၎င်းတို့ဂိတ်ကို ဖယ်ရှားကာ သီပေါတံတားကနေ ၉ မိုင်လမ်းခွဲအထိသာ ဆုတ်ပေးခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက်က လားရှိုးဆွေးနွေးပွဲအပြီးမှာတော့ MNDAA က စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၈၆ ဦးကို ထပ်မံလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကန့်တပ်နဲ့ နီးစပ်သူနောက်တစ်ဦးကတော့ “ဂိတ်ပြန်ထိုင်တယ်ပဲ ကြားတာ ဆွေးနွေးပွဲအကြောင်း သေချာမသိသေးဘူး။ လားရှိုးကနေ ကိုးမိုင်လမ်းခွဲအထိ ဂိတ်တွေအကုန်ပြန်ချထားတာ” လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှာ စစ်ကောင်စီနဲ့ MNDAA တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးမှုအပြီးမှာတော့ ကိုးကန့်တပ်က ၎င်းတို့ဖယ်ရှားပေးခဲ့တဲ့ မယ်ဟန်ဂိတ်မှာ ပြန်လည်အထိုင်ချလာခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။