ရွှေဖီမြေ၊ ဇန်နဝါရီ ၃၀ ရက်၊ တာချီလိတ်
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တစ်နေရာမှာ ကျပ်ငွေသိန်းပေါင်း ၆၀,၀၆၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို မနေ့ ဇန်နဝါရီ ၂၉ ရက်မှာ တာချီလိတ်မြို့နယ် ဆီဝန်းထောင်းကျေးရွာအနီးက ရာဘာခြံအတွင်း အနောက်တောင်ဘက် ၅ မိုင်ဝန်းကျင်မှာ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ TIE GUAN YIN စာတန်းပါ တရုတ်လက်ဖက်ခြောက်နဲ့ ထုတ်ပိုးထားတဲ့ စိတ်ပြောင်းဆေးဝါး ကတ်တမင်း (K) ၃၅၀ ကီလို (ဒေသကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၁,၅၀၀ သိန်း)၊ GUANYINWANG စာတန်းပါ ရွှေအိုရောင် တရုတ်လက်ဖက်ခြောက် အိတ်ခွံနဲ့ ထုတ်ပိုးထားတဲ့ မက်သ်အဖက်တမင်း (ICE) အလေးချိန် ၃၇၅ ကီလို (ဒေသကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၈,၅၆၀ သိန်း) တို့ ဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါး ဖမ်းဆီးတဲ့အချိန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်တယ်လို့ ယူဆရတဲ့လူ ၁၀ ဦးခန့်က သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရဲတွေက လိုက်လံဖမ်းဆီးရာမှာ ကျန်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့သူတွေက ၎င်းတို့ သယ်ဆောင်လာတဲ့ အိတ်တွေပစ်ချပြီး ထွက်ပြေးခဲ့တာကြောင့် အဲထဲမှာမှ ကျိုင်းတုံမြို့နေ စိုင်းအောင်ခမ်းဆိုသူ အမျိုးသားတစ်ဦးကိုသာ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
စိုင်းအောင်ခမ်းကို ဖမ်းဆီးပြီးတဲ့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီမူးယစ်ဆေးဝါးရဲ့ ပိုင်ရှင်ဟာ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု ပါခါကျေးရွာမှာနေထိုင်တဲ့ အိုက်နွန်း (အိုက်ခမ်းနွန်း) ဆိုသူ ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာရဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့ (UNODC) က ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ မူးယစ်ဆေးဝါးတွေကို ဆက်တိုက်ဖမ်းဆီးလာတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ နေရာတွေဟာ ၎င်းနဲ့ ၎င်းတို့ လက်အောက်ခံတပ်တွေ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေတဲ့ နေရာတွေသာ ဖြစ်ကြပြီး တာချီလိတ်မြို့နယ် လုံခြုံရေးအာဏာဟာလည်း စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် အပြည့်အဝရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။