ဇန်နဝါရီ ၂၇ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုတင် (ခိုတေင်) ကျေးရွာအနီးမှာ ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်တပ်အချို့က လုံခြုံရေးယူပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
မူဆယ်မြို့နယ် မော်တောင်းအုပ်စု ခိုတင်ကျေးရွာရဲ့ လယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ၎င်းကျားဖျန့်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
၎င်းနေရာကို ရေသန့်စက်ရုံနဲ့ ဆေးလိပ်စက်ရုံသာ လုပ်ဆောင်မှာဖြစ်ကြောင်း ဒေသခံတွေကို ကျားဖျန့်ဂိုဏ်းက လိမ်လည်ထားတယ်လို့လည်း ၎င်းနေရာနဲ့ အနီးဝန်းကျင်ရွာမှာနေထိုင်ပြီး ဖြစ်စဉ်ကို သိရတဲ့ အမျိုးသားက ဆိုပါတယ်။
”ဒီကလူတွေကို သူတို့က အဲလိုဘဲပြောထားတယ်။ အဲအထဲအထိ ဘယ်သူမှ ဝင်လို့မရဘူး။ ရှမ်းတပ်နဲ့ကချင်တပ်ပေါင်းပြီး ဂိတ်စောင့်ပေးတာ တွေ့ခဲ့တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ရေသန့်စက်ရုံနဲ့ ဆေးလိပ်စက်ရုံသာ ပြောပေမဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖျန့်ဖြူးတာ မတွေ့ရကြောင်း အထက်ပါ အမျိုးသားက ဆိုပါတယ်။
ကျားဖျန်ရုံအတွင်းကို ညပိုင်းမှာသာ လူအဝင်အထွက်ရှိသလို လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ညသန်ခေါင်ယံချိန်တွေမှသာ သယ်ယူပို့ဆောင်တာဖြစ်ကြောင်း နောက်ထပ်အမျိုးသားက ဆိုပါတယ်။
”ပြီးခဲ့တဲ့လကုန်လောက်က အသိတစ်ယောက်အိမ်ကနေပြန်လာတာ ည ၁၁ နာရီလောက်ဖြစ်မယ် ကားကြီးသေးတွေ လမ်းမှာတိုးတော့ ကားသေးထဲက မိန်းကလေး၊ ယောက်ကျာ်းလေး လူငယ်ပိုင်း အများကြီးပါတယ်။ ကားကြီးကတော့ မိုးကာပိတ် ဝိတ်တော်တော်များတာ တင်ထားတဲ့ကားတွေ အဲဂိတ်ကနေ ဝင်သွားတာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။
အဲဒီကျားဖျန့်ရုံကို ဦးဆောင်သူဟာ စစ်ကောင်စီနဲ့နီးစပ်တဲ့ တရုတ်ခရိုနီအပြင် SSPP နဲ့ KIA တပ်တို့လည်း ပူးပေါင်းပါဝင်လုပ်ဆောင်တာဖြစ်ကြောင်း ဒေသခံတွေက ဆိုပေမဲ့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကျားဖြန်ဂိုဏ်းတွေကို လုံခြုံရေးပေးတာနဲ့ ပတ်သတ်ပြီး ဖြစ်စဉ်ကိုသိရဖို့ SSPP ရဲ့ ပြောခွင့်ရသူနဲ့ KIA ရဲ့ ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကလည်း မူဆယ်မြို့ ရပ်ကွက်တချို့ထဲ ဖွင့်ထားတဲ့ ကျားဖျန့်ရုံနဲ့ မင်္ဂလာမူဆယ်ရဲ့ ၉ ထပ်တိုက်မှာရှိတဲ့ ကျားဖျန့် လုပ်ကိုင်နေသူတွေကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ နာမည်ကြီးတဲ့ ကျားဖျန့်အခြေစိုက်ရာ မြို့ဖြစ်တဲ့ ရွှေက္ကိုနဲ့ မြဝတီရှိ ကျားဖျန့်ငွေလိမ်လုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဟန်ရေးပြ ဖမ်းဆီးပြပေမဲ့ ရှမ်းအရှေ့နဲ့ ရှမ်းမြောက်၊ ရှမ်းတောင်က နေရာတချို့မှာတော့ ပူးပေါင်းပြီး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။