လက်ဖက်၊ ဇန်နဝါရီ ၂၄ ရက်၊ မူဆယ်
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်အမျိုးသား ၂ ဦးက ရပ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြေးသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက် ည ၉ နာရီခွဲ ဝန်းကျင်မှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လမ်းပေါ်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၂ ဦးက သေနတ်ချိန်ပြီး ဆိုင်ကယ်မောင်းပြေးခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသားက “အပြင်ခဏထွက်ပြီးဖုန်းဘေဝယ်တာ အပြန်မှာ အနောက်ကလိုက်လာပြီး ဆိုင်ရှေ့ရောက်တော့ တံခါးသွားဖွင့်နေချိန် သေနတ်အတိုထုတ်ချိန်ပြီး မောင်းပြေးတာ” လို့ ဆိုပါတယ်။
မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေပေါများပြီး စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်ပေါင်းစုံနဲ့ လက်နက်ကိုင်ထားတဲ့ အရပ်သားတွေလည်း များတာကြောင့် မကြာခဏ လုယက်မှု၊ ပြန်ပေးစွဲမှုနဲ့ ခိုးမှုတွေ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက အရေးယူ လုပ်ဆောင်ပေးတာမရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၅ နာရီ ဝန်းကျင်က မူဆယ်မြို့ ဟိုနားရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးက ဦးခေါင်းနဲ့လက်မောင်းကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။