ပျားကြီး၊ ဇန်နဝါရီ ၂၃ ရက်
ရွှေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာကြောင့် မန္တလေးဈေးကွက်အတွင်းမှာ အရောင်းအဝယ်အားလုံးနီးပါး ရပ်ဆိုင်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီး ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို သိန်း ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာတာဖြစ်ပြီး နေ့စဥ်လည်း ဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။
“ကြောက်စရာကောင်းလောက်အောင်ကို ဈေးတွေတက်နေတာပေါ့။ ကမ္ဘာ့ရွှေဈေးကလည်း တက်နေတော့ ပိုဆိုးတယ်။ ဝယ်မယ့်သူလည်း မရှိ။ ရောင်းမယ့်သူလည်း မရှိ။ ဆိုင်တွေကလည်း မဖြစ်မနေသာ ဖွင့်ထားရတယ်။ လူမရှိဘူး” လို့ မန္တလေးဒေသခံရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး ရွှေဈေးနှုန်းတွေဟာ သိန်း ၁၀၀ ကျော်အထိ ရောက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ တစ်ကျပ်သားကို ၁၀၃ သိန်းအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန္တလေးမြို့ပေါ်ကရွှေဆိုင်တွေဟာ ဆိုင်ဖွင့်ကြောင်းဆိုင်းဘုတ်တွေ အသီးသီးချိတ်ဆွဲထားကြပေမဲ့ တံခါးတွေကိုတော့ ပိတ်ထားကြတာမြင်တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေကလည်း စံချိန်တင်ဆက်လက်မြင့်တက်နေပြီး တစ်အောင်စကို ၄၉၅၁ ဒေါ်လာအထိရောက်ရှိနေတာကြောင့် ပြည်တွင်းရွှေဈေးကလည်းဆက်လက်မြင့်တက်ဖွယ် ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။