ရွှေဖီမြေ၊ ဇန်နဝါရီ ၂၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေ ကားဆက်တိုက် ခိုးယူခံနေရပြီး စစ်ကောင်စီဘက်က အရေးယူပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ ဇန်နဝါရီလအစပိုင်းကစပြီး ဇန်နဝါရီတတိယအပတ်အထိ လားရှိုးမြို့တွင်းမှာ ကား ၅ စီးထက်မနည်း ခိုးယူခံရပြီး လက်ရှိအချိန်အထိ ကားခိုးယူသူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ကားခိုးယူခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လားရှိုးမြို့မှာ သူခိုးတွေတအားသောင်းကျန်းနေတာ။ ပျောက်တဲ့ကားတွေ တစ်စီးမှ ပြန်မရဘူး။ လားရှိုးရေပူစန်း၊ ရပ်ကွက်- ၅၊ ရပ်ကွက်- ၈၊ ရပ်ကွက်- ၇ မှာ အဓိက ပျောက်တာ” လို့ ဆိုပါတယ်။
သူခိုးတွေဟာ လမ်းပေါ်မှာထားတဲ့ ကားတွေကို ခိုးယူတာရှိသလို နေအိမ်ထဲမှာ မျက်နှာဖုံးစွပ်ပြီး အုပ်စုလိုက် ဝင်ရောက်ခိုးယူတာတွေရှိတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းတွေ ပေါများလာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပေါများလာပြီး ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Video – Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။