လက်ဖက်၊ ဇန်နဝါရီ ၂၀ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က မြေပိုင်ရှင်တချို့ကို စစ်ကောင်စီနဲ့ဌာနဆိုင်ရာတွေက နေအိမ်နဲ့ခြံဝန်း မဖျက်စေလိုပါက ငွေကျပ် သိန်း ၅၀ ပေးဖို့ ပြောလာတာရှိကြောင်း စာပို့ခံရသူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ပြင်ဦးလွင် အနီးစခန်း ဘူတာလမ်းခွဲ ကျွဲနွားထောက်အနီးရှိ အုတ်တံတိုင်းတွေကို လမ်းနယ်နဲ့မလွှတ်တာနဲ့၊ မြို့ပြစီမံကိန်းထဲပါတယ်ဆိုပြီး ဌာနဆိုင်ရာနဲ့ စစ်ကောင်စီတပ်က မြေတူးစက်နဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
၎င်းနေရာတွေကို မနေ့ဇန်နဝါရီ ၁၉ ရက် အထိ ဖျက်ဆီးနေသလို ဖျက်ဖို့ကျန်နေသေးတဲ့ အုတ်တံတိုင်းနဲ့ နေအိမ်တွေကိုတော့ မဖျက်စေလိုပါက ပိုင်ရှင်တွေစီ စာပို့ပြီး ငွေတောင်းနေတာလို့ နီးစပ်သူ အမျိုးသားက ဆိုပါတယ်။
”သူတို့ ပို့တဲ့စာက တရားဝင်စာထုတ်တာ မဟုတ်ဘူး။ ဒီတိုင်းလျို့ဝှက်ပို့ပြီး ငွေတောင်းတာပါ။ ပိုင်ရှင်ကလည်း စိတ်မချတော့ မပေးရဲဘူး” လို့ ပြောပါတယ်။
ငွေတောင်းသူဟာ မြေယာဦးစီးဌာနက ဦးစီးမှူးဖြစ်ကြောင်းပြောပြီး ဇန်နဝါရီ ၂၅ ရက်အထိ ငွေမပေးနိုင်ပါက ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။
၎င်းမြေနေရာတွေဟာ တရားမဝင်မြေတွေဖြစ်ပြီး နိုင်ငံတော်ပိုင်မြေတွေဖြစ်လို့ ဖျက်စီးရတာဖြစ်ကြောင်း သက်ဆိုင်ရာနဲ့ နီးစပ်တဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့နေရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ပြင်ဦးလွင်မှာ ခွင့်ပြုချက်မရဘဲ မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လို့ ပြင်ဦးလွင် ခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။