ရွှေဖီမြေ၊ ဇန်နဝါရီ ၁၇ ရက်၊ မိုင်းရယ်
ရှမ်းမြောက် သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ မိုင်းရယ်မြို့နယ် မန်ဖြတ်ကျေးရွာရဲ့ အနောက်မြောက်ဘက်ရှိ မူးယစ်ဆေးဝါးချက် စက်ရုံတစ်ခုကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။
စက်ရုံကိုရှင်းလင်းရာမှာ မူးယစ်ဆေးဝါးရောစပ်တဲ့ စတီးဗန်း ၆ ခု၊ အခြေက်ခံ မွှေစက် ၂ လုံး၊ မီးစက် ၅ လုံး၊ လိုဒါ ၁ စီး၊ ဘူဒိုဆာ ၁ စီး၊ အပြာရောင်ပေပါခွံ အလုံး ၁၀၀ ၊ အဖြူရောင်ပုံး အလုံး ၅၀၊ ဂတ်စ်အိုး ၄၀ လုံး၊ စီစစ်ဆဲဓာတုဗေဒပစ္စည်းထည့်ထားတဲ့ အိတ် ၅၀ လုံး နဲ့ လူနေအဆောက်အဦးအပါအဝင် မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့အဆောက်အအုံ ၆ လုံးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာလည်း သီပေါ – မိုင်းရယ် ကားလမ်းအနီး စိန်ကျော့ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာလည်း မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဖို ၃ ခု၊ အက်စစ် ၁၅ ဂါလံပုံး ၇၀ လုံး၊ အခြောက်ခံဗန်း ၃ ခု၊ ဂတ်စ်အိုး ၁၅၀ လုံး၊ ကျောက်ချဥ်အိတ် ၁၅၀ လုံး၊ ဆာလဖြူရစ်အက်စစ် ထည့်ထားတဲ့ပုံးအပြာအလုံး ၅၀၀၊ ပုံးအခွံ ၁၀၀၀ လုံး၊ Caustic Soda ၁၅၀ အိတ်၊ ဆပ်ပြာခွက်ထည့်ထားတဲ့ ကတ်ထူဖာ ၃၀၀ ဖာနဲ့ လူ ၅ ဦးဆန့်တဲ့ လူနေအဆောက်အဦး ၃၅ လုံး တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၁ရက်အထိ သီပေါနဲ့ မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုပြီး စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်ရုံတွေအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေဟာ ကျပ်ငွေ (၁၆၂၀) ဘီလီယံအထိ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သန်း (၈၁၀)နီး ပြောင်းလဲထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပါတယ်။
စစ်ကောင်စီ ဝင်ရောက်စီးနင်းတဲ့ မူးယစ်ဆေးဝါးစက်ရုံထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်ဖွဲ့ဝင် ၆ ဦးနဲ့ SSPP ယူနီဖောင်းနဲ့ ဦးထုပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဘက် ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်တဲ့သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ ဘယ်အဖွဲ့က ပါဝင်ပတ်သတ်မှု ရှိနေတယ်ဆိုတာကိုတော့ တိတိကျကျ ပြောကြားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။