ဓာတ်ပုံ – Telegram

By မိုင်းရူပ၊ ရွှေဖီမြေ

ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲ ဖမ်းဆီးရမိတဲ့ ဘီလီယံ ထောင်နဲ့ချီ တန်ရှိဖိုးရှိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ ဘယ်အဖွဲ့က ပါဝင်ပတ်သတ်မှု ရှိနေတယ်ဆိုတာကိုတော့ တိတိကျကျ ပြောကြားတာ မရှိပါဘူး။

မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို အဓိက ထုတ်လုပ်နေတဲ့ ပင်မနေရာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၁ရက်အထိ သီပေါနဲ့ မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုပြီး စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်ရုံတွေအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝင်ရောက်စီးနင်းတဲ့ မူးယစ်ဆေးဝါးစက်ရုံထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်ဖွဲ့ဝင် ၆ ဦးနဲ့ SSPP ယူနီဖောင်းနဲ့ ဦးထုပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဘက် ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ရင် စိတ်ကြွဆေးပြား သန်း (၈၁၀)နီး ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ စိတ်ကြွဆေးပြားတွေဟာ ဈေးကွက်အတွင်း ရောက်သွားရင် ကျပ်ငွေ (၁၆၂၀) ဘီလီယံအထိ တန်ဖိုးရှိနိုင်တယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် မိုင်းရယ်နဲ့ သီပေါမြို့နယ်မှာ စိတ်ကြွဆေးပြား ထုတ်လုပ်ဖြန့်ဖြူးခဲ့တဲ့ ပမာဏဟာ ၂၀၂၅ ခုနှစ်အတွင်းက တစ်နိုင်ငံလုံးမှာ ဖမ်းဆီးရမိခဲ့တဲ့ အိုက်စ်ပမာဏရဲ့ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်း ရှိတယ်လို့စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာဟာ သီပေါမြို့နယ် နားလင်းကျေးရွာအနီးတဝိုက်နဲ့ မိုင်းရယ်မြို့နယ်ထဲရှိ မိုင်းဖြတ်ကျေးရွာအနီးဝန်းကျင်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တရားခံမပေါ်တဲ့ ဘီလီယံထောင်ချီရှိတန်ဖိုးရှိတဲ့ မူးယစ်းဆေးဝါး ထုတ်လုပ်ရေးစခန်း

စစ်ကောင်စီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေမှာ SSPP ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေမှာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း SSPP နဲ့ စစ်ကောင်စီရဲ့ သဘောတူညီချက်အရ စစ်ကောင်စီဘက်က တပ်ဆုတ်ထားတဲ့နေရာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်သူတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးချက်လုပ်တဲ့စက်ရုံတွေကို ထူထောင်လာတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူက ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒီမူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ဘယ်အဖွဲ့တွေ ပါဝင်ပတ်သက်မှုတွေရှိနေတာလဲဆိုတာ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိကျကျထည့်သွင်းပြောကြားခဲ့တာမရှိဘဲ ပါဝင်ပတ်သတ်တဲ့သူတွေကို ပြင်းထန်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

” ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ မည်သည့်အဖွဲ့အစည်းတွေကို မဆိုထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ဒီလို မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးနိုင်ပေမယ့် မူးယစ်ဆေးထုတ်လုပ်တဲ့တရားခံ မဖမ်းမိနိုင်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

မူးယစ်ဆေးဝါးနဲ့ ကျားဖြန်ငွေလိမ်ဂိုဏ်းတွေမှာ SSPP ပါဝင်ပတ်သတ်မှုတွေ ရှိနေသလား

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်ကစလို့ SSPP ထိန်းချုပ် ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရှမ်းမြောက် သီပေါမြို့နယ် ပန်ကျင်ကျေးရွာအနီးမှာ SSPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ ကျားဖြန်လုပ်ကိုင်သူ ၆ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။

ဒါ့အပြင် မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့စက်ရုံမှာ SSPP တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က ဒီလထဲမှာ ပြန်ပြောလာတာ ဖြစ်ပါတယ်။

သီပေါနဲ့ မိုင်းရယ်မြို့နယ်ထဲမှာ ကျားဖြန်ငွေလိမ်ဂိုဏ်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်ပတ်သတ်မှု ရှိမရှိ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်လိတ်ကို ရွှေဖီမြေက မေးမြန်ခဲ့ရာမှာတော့ အဲဒေသမှာ SSPPထိန်းချုပ်နယ်မြေဖြစ်ကြောင်း အတည်ပြုဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ SSPP ပါဝင်ပတ်သတ်မှုရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ ဗိုလ်မှူးကြီးနော်လိတ်က ပြန်လည်ဖြေကြားတာ မရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေထဲမှာ SSPP အနေနဲ့ ပါဝင်ပတ်သတ်မှုမရှိဘဲ ပါဝင်ပတ်သတ်သူတွေကို အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာနဲ့ အနီးတစ်ဝိုက်မှာနေထိုင်တဲ့ မိုင်းရယ်ဒေသခံတွေနဲ့ ဒီအဲအနီးတဝိုက်ကိုရောက်ဖူးသူတချို့ကတော့ အဲဒေသမှာ SSPP တပ်ဖွဲ့တစ်ခုသာ ထိန်းချုပ်ထားတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စက်ရုံ ထူထောင်ဖို့အတွက် SSPP တပ်ရဲ့ သဘောတူညီမှုမရဘဲ မဖြစ်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။

မိုင်းရယ်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောကြားချက်အရ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံအနီးတစ်ဝိုက်ကို လူထုတွေကို SSPP တပ်ဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“မန်ဖြတ်မှာက အစိမ်း(SSPP) ဘဲ ရှိတယ်လေ။ သူတို့အဖွဲ့ အစည်းက သတ်မှတ်ထားတာ။ ဘယ်ပြည်သူလူထုမှသွားလို့ မရဘူး။ အဲထဲရောက်သွားရင်လည်း အပြန်လမ်းမရှိဘူး။ အဲမှာနေတဲ့ ရွာခံတွေတောင် မသိကြဘူး။ အဲနားမှာ ပန်ညို့ရွာ ရှိတယ်” လို့ ဆိုပါတယ်။

မိုင်းရယ်ဒေသထဲမှာ ကျားဖြန်ရုံတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတွေဆက်ရှိနေတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ဇန်နဝါရီလ ၁၅ရက်မှာ မူးယစ်ဆေးဝါးထုတ်လုပ်နေရာတစ်ခုကို ထပ်မံတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကောင်းခါးပြည်သူ့စစ်နယ်မြေကနေ SSPP ထိန်းချုပ်ဒေသကို ရွှေ့လာတဲ့ မူးယစ်ဂိုဏ်းတွေ

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စု လွယ်ခမ်းကျေးရွာအနီးတဝိုက် ကောင်းခါးပြည်သူ့စစ်နယ်မြေထိန်းချုပ်နယ်မြေရှိ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဖမ်းဆီးမှုအတွင်း စိတ်ကြွဆေးပြားပေါင်း သိန်းပေါင်း ၁၄၈၀ ကျော်၊ ဘိန်းဖြူ ၂၆၀ ကီလိုဂရမ်၊ အိုက်စ် ၅၀၀ ကီလိုဂရမ်၊ ဘိန်းခဲ၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးထုတ်ရာမှာ သုံးတဲ့ ကာလတန်ဖိုးပေါင်း ကျပ်ငွေ ၃၉၃ ဘီလီယံကျော် မိခဲ့ပါတယ်။

အဲဒီနောက် ကောင်းခါးပြည်သူ့စစ်ကို မြန်မာစစ်တပ်ဘက်က လက်နက်ဖြုတ်သိမ်းပြီး ခေါင်းဆောင်တချို့ကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။

ကောင်းခါးပြည်သူ့စစ်နယ်မြေမှာ မူးယစ်းဆေဝါး ထုတ်လုပ်တဲ့ စက်ရုံတွေဝင်ရောက်စီးနင်းခဲ့ပြီးနောက် မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ SSPP ထိန်းချုပ်နယ်မြေကို ပြောင်းရွှေ့အခြေချလာတာဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကမ္ဘာမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု နံပါတ် ၁ ဖြစ်လာတဲ့ မြန်မာ

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ တန်ဖိုး ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး – UNODC ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက် မြန်မာနိုင်ငံရဲ့ ဘိမ်းစိုက်ပျိုးမှုဟာ ၁၀ စုနှစ်အတွင်းအမြင့်ဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုတန်ချိန် (၁၀၁၀) ရှိပြီး ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာနံပါတ်- ၁ ဖြစ်လာတယ်လို့ UNODC က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုထုတ်မှုတွေထဲမှာ ရှမ်းပြည်နယ်က ၈၈ ရာခိုင်နှုန်းအထိ စိုက်ပျိုးတဲ့ အဓိကနယ်မြေတစ်ခုဖြစ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။