သူတော်စိန်၊ ဇန်နဝါရီ ၁၆ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှာ နိုင်ငံသားစီစစ်ရေးကတ်ပြားအသစ် လာရောက်လျှောက်ထားတဲ့ သွေးနှောတွေ ကျပ်ငွေ သိန်း (၃၀) အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။
ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သွေးနှောတွေက မှတ်ပုံတင်ကတ်ပြားရဖို့ အတွက် လဝက ရုံးဝန်ထမ်းတွေကို ကျပ် ၃ သိန်းမှ သိန်း ၃၀ အထိ တရားမဝင်ပေးဆောင်ရတာလို့ ပေးဆောင်ခဲ့ရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“ကျွန်မက ဗမာ၊ ဗုဒ္ဓဘာသာပါ။ ကျွန်မအမျိုးသားက သွေးနှောပါ။ ကျွန်မတို့ သားနှစ်ယောက်ကို (၁၀) ပြည့် မှတ်ပုံတင်လျှောက်ထားတာ (၈) လရှိပြီ မရသေးဘူး။ နှစ်ဖက်အဖိုးအဖွားတွေရဲ့ (နိုင်)ကတ်တွေ၊ သုံးခေါက်ချိုးတွေ အကုန်ပေးလိုက်တာကိုမှ မရသေးတာ။ (၈) လရှိပြီ။ ပြီးခဲ့တဲ့အပတ်က ပွဲစားကိုကျော်မိုးကို အပ်လိုက်တော့ ချက်ချင်းရခဲ့တယ်။ ပွဲစားကို (၅) သိန်းပေးလိုက်ရတော့ စုစုပေါင်း (၃၃) သိန်း ကုန်သွားတယ်။ ခရိုင်လဝကရုံးက ဝန်ထမ်းကို ကျွန်မကိုယ်တိုင် ပေးလိုက်တာ”
သွေးနှောဖြစ်သူတွေက (၁၀) နှစ်ပြည့်မှတ်ပုံတင် (နိုင်ကတ်) လျှောက်ထားခြင်းအတွက် (၁၅) သိန်း၊ မှတ်ပုံတင်အပျောက်အတွက် (၅) သိန်းဆိုပြီး ခရိုင်လဝကရုံးရှိ တာဝန်ကျဝန်ထမ်းတွေက သတ်မှတ်ထားကြောင်းကို ရုံးရှေ့မှာ နေ့စဥ်ရှိနေတတ်တဲ့ ပွဲစားတွေထံက သိရပါတယ်။
“နန်းတော်ပေါက်မှာ တာဝန်ကျတဲ့ ခရိုင်လဝကရုံးက ဝန်ထမ်းတွေဆိုရင် ငါးရာတန် BP စာအုပ်အနီကို (၂) သောင်း တောင်းတယ်။ အခုပဲကြည့်လေ သိန်း (၃၀) ကျော် ပေးလိုက်ရတယ်။ ငွေဝင်တာလည်း မပြောနဲ့လေ။ ငွေအတောင်းကြမ်းတာကို။ ဒီတော့ တောင်ကြီးက ပြည်နယ်လဝကမှူးနဲ့ ရုံးချုပ်က အရာရှိတွေကို လစဥ်လတိုင်း ငွေကြေးထောက်ပံ့နေတော့ တိုင်လည်း အရေးယူမခံရတာပေါ့။ သူတို့ပါးစပ်ထဲရှိတဲ့ ငွေပမာဏကို ပြောပြီး တစ်ယောက်တစ်မျိုးတောင်းနေကြတာ။ မုန်းဝန်းတရုတ်တွေဆိုရင် သိန်းကို ရာနဲ့ချီပေးရတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရဖို့ ခရိုင်လဝကမှူးတွေထံ သိန်းရာနဲ့ချီပေးပြီး လုပ်ဆောင်နေရတာရှိသလို စာအုပ်အမြန်ရဖို့ ပွဲစားတွေရဲ့ လိမ်လည်ခြင်းကိုလည်း နယ်စပ်ရောက် လူထုတွေက မကြာခဏ ကြုံတွေ့နေရကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။