ယာရူစိင်၊ ဇန်နဝါရီ ၁၆ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင် မိုင်းယုမှာ မီးဖိုကနေတဆင့် မီးလောင်မှုဖြစ်ပွါးပြီး နေအိမ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၅ ရက် မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ၁၀၅ မိုင် မိုင်းယုမှာ သားဖြစ်သူက မီးသွေးမီးဖိုထားရာကနေ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီး မိခင်ဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်မော်ပန်းက သေဆုံးခဲ့ရတာဖြစ်ပါတယ်။
“သေသွားတဲ့ အဖွားရဲ့သားက အနွေးဓါတ်ရအောင် သူ့အမေအတွက် သံဇလုံထဲမှာ မီးဖိုပေးပြီး အပြင်ထွက်သွားတဲ့အချိန် လောင်တာလို့ သိရတယ်။ အဖွား မီးလောင်ပြီးဆုံးသွားတယ်။ အိမ်မှာက သားအမိ (၂) ယောက်ပဲ နေတာ။ မီးလောင်ချိန် သားဖြစ်သူက အပြင်က ပြန်မလာသေးဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းရဲ့ တန်ဖိုးကိုတော့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
“ဆုံးတဲ့ အဖွားရဲ့ နာရေးကိစ္စတွေကိုတော့ ရာအိမ်မှူးတွေက တာဝန်ယူ ဆောင်ရွက်ပေးနေကြတယ်” လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
အလောင်းကိုတော့ ပါရမီလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။