By မိုင်းရူပ၊ ဇန်နဝါရီ ၁၂ ရက်
တော်လှန်ရေးခရီး အနိမ့်အမြင့်၊ အတက်အကျများခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ၆၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။
နိုင်ငံရေး၊ စစ်ရေး ရေချိန်အတက်အကျအကြား တအာင်းတော်လှန်ရေးဟာ ရည်မှန်းချက်မပြည့်စုံသေးပေမယ့် အောင်မြင်မှုတချို့ကို ရရှိလာနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။
တောတောင်ဒေသကနေ သန္ဓေတည်ခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ ကျော်အကြာမှာ မြို့ပေါ်နေရာတွေထဲကို တက်လှမ်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် တအာင်းလူမျိုးအများစုနေထိုင်ရာ မြို့ပေါ်နေရာမှာ “တအာင်းတော်လှန်ရေးနေ့” ကို ပြုလုပ်နိုင်လာခြင်းဟာ သမိုင်းသစ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
တအာင်းတော်လှန်ရေးသမိုင်းကို ပြန်လှန်ကြည့်ခြင်း
တအာင်းတမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအပါအဝင် ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး (PNF) မှ တအာင်းတော်လှန်ရေးကို စတင်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်တွင် PNF သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO/PSLA) အဖြစ် ပြောင်းလဲကာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ပါတယ်။
၁၉၉၁ ခုနှစ် ဧပြီ ၂၁ ရက်တွင် PSLO/PSLA က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်မှာတော့ ဖိနှိပ်မှုများကြောင့် လက်နက်ချကာ ပြည်သူ့စစ်အသွင် ပြောင်းလဲရပါတယ်။
PSLO/PSLA လက်နက်ချပြီးနောက် တအာင်းဒေသကို ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးမယ်လို့ အစိုးရဘက်က ကတိပေးခဲ့ပေမယ့် လက်တွေ့မှာ တအာင်းဒေသအတွင်း ဘိမ်းစိုက်ပျိုးမှု ပိုမိုများပြားလာပြီး တအာင်းလူထုတွေ မူးယစ်နွံထဲ နစ်ခဲ့ရပါတယ်။
ဒီအခြေအနေတွေဟာ တအာင်းလူမျိုးတွေရဲ့ တော်လှန်လိုစိတ်ကို ပိုနိုးကြွလာစေခဲ့ပြီး “တအာင်းတော်လှန်ရေး” လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို တအာင်းလူငယ်တွေ ပြန်ရွေးချယ်ခဲ့ရပါတယ်။
ဒီလို စိန်ခေါ်မှုတွေကြား တအာင်းတော်လှန်ရေးတပ် ပြန်ဖွဲ့စည်းဖို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလထဲမှာ ကျင်းပတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တတိယအကြိမ်ညီလာခံမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ဖွဲ့စည်းခဲ့ပါတယ်။
PSLF/TNLA ထဲမှာ ဥက္ကဋ္ဌနေရာမှာ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဌ (၂ ) ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ တာဝန်ယူထားပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်မှစပြီး စစ်တပ်နဲ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ၊ ၂၀၁၅ ခုနှစ်ကစပြီး ၂၀၂၂ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့လည်း တိုက်ပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရတာ တွေ့ရပါတယ်။
တကျော့ပြန် စစ်အာဏာသိမ်းမှုအလွန် တအာင်းတော်လှန်ရေးခရီး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာပြန်သိမ်းမှုအပြီး PSLF/TNLA ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြောခဲ့ပြီး၊ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တွေကို စစ်သင်တန်းပေးခြင်း၊ လက်နက်တင်ဆင်ပေးခြင်းနဲ့ ပူးပေါင်းကူညီခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ်များဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့နဲ့အတူ “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း မြို့ပေါင်း ၁၂ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေထဲမှာ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ မြို့ စတဲ့မြို့တွေ ပါဝင်ပါတယ်။
စစ်ဆင်ရေးကာလအတွင်း တအာင်းတော်လှန်ရေးရဲဘော်များ ထောင်နဲ့ချီ အသက်သွေးချွေး ပေးဆပ်ခဲ့ရပြီး တအာင်းတော်လှန်ရေးသမိုင်းတလျှောက် အအောင်မြင်ဆုံး စစ်ရေးအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ တန့်ပြန်ထိုးစစ်တွေကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရပြီး မိုးကုတ်နဲ့ မိုးမိတ်ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ PSLF/TNLA တို့အကြား အပစ်ရပ်ထားရပါတယ်။
တအာင်းပြည်နယ် ရရှိရေး ခရီးကြမ်း
PSLF/TNLA ရဲ့ ရည်မှန်းချက်ထဲမှာ တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ် တည်ဆောက်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။
၆၃ နှစ်ကြာလာတဲ့ တအာင်းတော်လှန်ရေးဟာ “တအာင်းပြည်ရရှိရေး” ပြီးပြည့်စုံတဲ့အထိ မဟုတ်သေးပေမယ့် ရည်မှန်းချက်တချို့ကို ပြန်လည်ရရှိလာနိုင်ခဲ့ပါပြီ။
လက်ရှိ PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့ ၇ မြို့မှာ လူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအပြင် လူထုဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ပြုလုပ်လာနိုင်ခဲ့ပါတယ်။
စစ်ရေးအောင်မြင်မှုကနေ နိုင်ငံရေးအောင်မြင်ဆီသို့ တက်လှမ်းနိုင်ဖို့ PSLF/TNLA အနေနဲ့ ရင်ဆိုင်ကျော်ဖြတ်ရအုံးမှာ ဖြစ်ပါတယ်။
၆၃ နှစ်ကြာ တော်လှန်ရေးခရီးမှာ အသက်သွေးချွေး ပေးဆပ်ခဲ့ကြတဲ့ တအာင်းတော်လှန်ရေးရဲဘော်များ၊ ပြည်သူလူထုရဲ့ အနစ်နာခံမှုကိုလည်း အမြဲအောက်မေ့လေးစားကြောင်းပါ။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။