မိုင်းရူပ၊ မိုင်းအရှိုင်း၊ ဇန်နဝါရီ ၁၂ရက်
သတင်းဓာတ်ပုံ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်းကျောင်း- TAOT သင်တန်းဆင်းပွဲကို မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ တအာင်းဒေသ မန်တုံမြို့နယ်ထဲမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အလုပ်သင် ဗိုလ်သင်တန်းကျောင်းဟာ ၁ နှစ်ကျော်ကြာ တက်ရောက်ခဲ့ရတဲ့ သင်တန်းကျောင်းဖြစ်ပြီး မနေ့မှာ ပြုလုပ်တဲ့ သင်တန်းဆင်းပွဲမှာ တပ်ဖွဲ့ဝင် ၁၂၂ ဦးကို PSLF/TNLA က သင်တန်းဆင်းပေးခဲ့တာ ဖြစ်ပါတယ်။
သင်တန်းကာလအတွင်း ခေါင်းဆောင်မှုပိုင်းအပါအဝင် စစ်ထောက်လှမ်းရေး၊ စစ်နည်းဗျူဟာ၊ စစ်ဥပဒေနဲ့ လက်နက်ကြီးစတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကျောင်းဟာ အရာခံဗိုလ်ကကနေ ဒုဗိုလ်ဖြစ်ဖို့ တက်ရောက်ရတဲ့ သင်တန်းဖြစ်ပြီး PSLF/TNLA က အပတ်စဥ် (၅) အဖြစ် ဖွင့်လှစ်တဲ့ အရာရှိသင်တန်း
ကျောင်းလည်း ဖြစ်ပါတယ်။
ဒီသင်တန်းကျောင်းကနေ ဆင်းတဲ့အရာရှိဗိုလ်တွေအနေနဲ့ PSLF/TNLA ရဲ့ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်ရမှာဖြစ််တယ်လို့လည်း သိရပါတယ်။
အရာရှိ သင်တန်းကျောင်းဆင်းပွဲကို PSLF/TNLA ရဲ့ ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားခူလန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်အပါအဝင် အရာရှိအရာခံနဲ့ လူထုရာနဲ့ချီ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
PSLF/TNLA ရဲ့ အလုပ်သင် ဗိုလ်သင်တန်းကျောင်း အပတ်စဥ် (၄) ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PSLF/TNLA ဟာ ရှမ်းမြောက် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေကို အုပ်ချုပ်နေပြီး ၎င်းတို့အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။