ရွှေဖီမြေ၊ ဇန်နဝါရီ ၁၀ ရက်
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ တောကျွဲအင်းမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးအဆောက်အဦးတွေ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ရဲစခန်းကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့ မီးရထားလမ်းတံတားရှိ ကာကင်းစခန်းအပါအဝင် တပ်စခန်း ၁၄ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို NUG ရဲ့ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရန်ကုန် – မန္တလေး လမ်းဟောင်းရှိ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာတုန့်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။