လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၇ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်မှာ ရက်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက လူဦးရေ ၅ ထောင်ကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အိမ်ထောင်စု ၁ ထောင်ကျော်နဲ့ လူဦးရေ ၅ ထောင်ကျော်ရှိပြီး သောက်သုံးရေရှားပါးတာကြောင့် ကလေးအများစုက အရေးပြားရောဂါဝေဒနာတွေ ခံစားနေရသလို ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကမှ တာဝန်ခံတစ်ဦးက “လိုအပ်တဲ့ နေရာကတော့ ကျနော်တို့ဘက်ကလည်း စားသောက်ရေးအပိုင်းတို့ ကူညီထောက်ပံ့ပေးတာရှိတယ်။ အခုနောက်ပိုင်းက တိမ်းရှောင်နေရတဲ့ ကျေးရွာတွေလည်း ပိုများလာတော့ ကျနော်တို့ဘက်က စားနပ်ရိက္ခာဘဲ အဓိက ထောက်ပံ့နိုင်တော့တယ်။ ကျန်တဲ့ နေထိုင်ရေး အမိုးအကာတွေ လိုအပ်တယ်။ အခု ရှောင်နေရတဲ့နေရာက ရေရရှိဖို့လည်း ခက်ခဲတယ်။ တောင်ကျရေဘဲ အဓိက သုံးတာဆိုတော့ အခု ကလေးတွေ ယားနာဖြစ်ကုန်တာ။ လူကြီးတွေလည်း ဖြစ်တယ်။ အဓိက ကလေးတွေ ပိုဖြစ်တယ်။ အဲကြောင့် ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့လည်း အကူအညီလိုအပ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ ကျောက်တံခါးရွာ၊ ကျောက်မဲတောင်ရွာ၊ မျှားပိုင်းရွာ၊ ခင်အေးရွာ၊ အုံးမှင်ရွာ၊ မကျီးကုန်းရွာ၊ ယောကုန်းရွာ၊ နန်းစဥ်ကုန်းရွာ၊ တယ်ပင်ရွာ၊ ထန်းပင်ချောင်းရွာနဲ့ ပလောင်းရွာတွေဘဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး ၎င်းက “ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ဘက်က နေ့စဉ်စစ်ကြောင်းထိုးတယ်။ ကျေးရွာထဲဝင်တာ လူဖမ်းဆီးသွားတာတွေ ပစ်သတ်သွားတာတွေ ရှိတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ အဲဒါကြောင့် ဒေသခံတွေ ရွာထဲမနေရဲတော့ဘဲ နေရပ်စွန့်ခွာနေရတယ်။ အဲဒီရွာ ၁၁ ရွာထဲ ကလရှည် စစ်ရှောင်ရတဲ့ ရွာနှစ်ရွာရှိတယ်။ မျှားပိုင်းရွာနဲ့ ခင်အေးရွာ သူတို့ရွာက (ကပစ ၂၄) တပ်နဲ့ နီးတယ်ဆိုတော့ ၂၀၂၃ ကတည်းက ရှောင်နေရတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက နေရပ်ကနေ စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က နေ့စဉ် စစ်ကြောင်းထိုးတာနဲ့ လေကြောင်းသုံးတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။