ရဲမာန်၊ ဇန်နဝါရီ ၄ ရက်၊ ပျဉ်းမနား
နေပြည်တော် ပျဉ်းမနားမြို့မှာ ရန်အောင်( ၂ )ရန်နိုင်ရပ်ကွက် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၈ နာရီအရောက် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကြားရသလောက်ကတော့ အကင်ကင်စားဖို့ ဂက်စ်မီးအိုးဖွင့်တာကနေ ဘေးက ဆီအိုးကို မီးကူးတယ်တဲ့။ ဆိုင်ကယ်တွေလည်း အနားမှာရှိနေတာရယ် ဝါးထရံကာတွေရယ်ကြောင့် မီးကူးမြန်ကုန်တာ။Level 2 မီးသတ်ယာဉ်လာပါတယ်။ ၈ နာရီလောက်မှာ မီးငြိမ်းသွားတာပါ”
အဆိုပါမီးလောင်ပြာကျသွားတဲ့ အိမ်ထောင်စု ၆၂ စုက မိသားစုဝင် ၃၀၀ ကျော်ဟာ တစ်စုတစည်းနေထိုင်နေပြီး ငွေရေးကြေးရေး လိုအပ်နေတယ်လို့ ၎င်းကဆိုပါတယ်။
“တနေရာထဲ စုနေကြတာမို့ အလှူပစ္စည်းတွေတော့ အတိုင်းအတာတခုထိရရှိပါတယ်။ အလှူငွေ အဓိကလိုအပ်နေတယ်”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အဆိုပါ မီးလောင်ပြာကျမှာဟာ သူတစ်သက်မှာ အိမ်ခြေအများဆုံးမီးလောင်ပြာကျမှုဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။