ယာရူစိင်၊ ဇန်နဝါရီ ၃ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ် ၁ ဦးက အပြေးလွန်ရာကနေ အရှိန်မထိန်းနိုင်တော့ပဲ ကမ်းပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ခမ်းမြို့နယ် ပန်ခါးကျေးရွာက အသက် ၃ နှစ်အရွယ် မောင်သူရထက်ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီခွဲမှာ အပြေးလွန်ရာကနေ အရှိန်မထိန်းနိုင်ပဲ အခုလို သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကားကြီးလာတော့ သူက အိမ်ထဲကနေ ပြေးထွက်လာတာ။ အဲမှာ သူက အရှိန်းမထိန်းနိုင်လို့ ချော်လဲပြီး ကျသွားတာ။ ကလေးဆိုတော့ ကားကြီးတွေလာရင် ကြည့်ချင်တာလေ” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားက ပြောပါတယ်။
အခုလို ဖြစ်စဉ်မျိုး ထပ်မဖြစ်ရလေအောင် မိဘတွေအနေနဲ့ မိမိကလေးကို ကားလမ်းမပေါ်မှာ ပေးမထွက်ပဲ ဂရုတစိုက်နဲ့ ကြည့်ရူစောင့်ရှောက်ဖို့ကိုလည်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်တုန်းကလည်း ဆာလူကျေးရွာအုပ်စု လွယ်ခွါင်ကျေးရွာက ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကလည်း မုန့်ထွက်ဝယ်ရင်း ပျောက်ဆုံးသွားခဲ့ရာကနေ နိုဝင်ဘာ ၂၆ ရက်မှာ ရုပ်အလောင်းသာ ပြန်တွေ့ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။