ပို့လဘား၊ ဒီဇင်ဘာ ၂၇ ရက်၊ မူဆယ်
ရွေးကောက်ပွဲ ကျင်းပတော့မယ့် ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူပေါင်းထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ဘက်ကနေ မူဆယ်မြို့ဘက် လာတဲ့သူတွေကို စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေမှာ ဒီရက်ပိုင်း စစ်ဆေးရေး တင်းကြပ်လာနေတာလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့က လမ်းဆုံနေရာတွေမှာလည်း စစ်ကောင်စီတပ်က ၎င်းရဲ့တပ်သားနဲ့ ရဲတပ်ဖွဲ့တွေကို လုံခြုံရေးချပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ရွေးကောက်ပွဲအတွက် လုပ်တာထင်တယ်။ ဆင်ဖြူဘက်တို့ လမ်းဆုံတဲ့ နေရာတွေကို ရဲရော စစ်သားတွေရော အကုန်ရှိတယ်။ လုံခြုံရေးချပေးနေတာ တစ်နေရာကို လူ ၅ယောက် ၆ ယောက်ချပေးတာရှိတယ်။ ပုံမှန်တော့မရှိဘူး။ မဲရုံတွေ အဆင့်သင့်ဖြစ်အောင်လည်း စီစဉ်နေတာတွေ့ရတယ် ” လို့ အဆိုပါအမျိုးသားက ဆိုပါတယ်။
လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ခရီးသွားလူထုတွေကိုလည်း စစ်ဆေးမှုတွေရှိနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၀၅ မိုင်ဘက်လာတဲ့ကားတွေဆို အကုန်စစ်တယ်။ မှတ်ပုံတင် စစ်တယ်။ မှတ်ပုံတင်မပါရင်တော့ သွားလာခက်ခဲတာပေါ့။ ပြီးရင် ကိုယ်နေတဲ့နေရာကို မေးတယ်။ ဘယ်မှာနေတာလဲဆိုပြီး အယောက်တိုင်းမေးတယ်။ အရင်တုန်းက သူတို့အဲလောက်မစစ်ဘူး။ အခုရက်ပိုင်းမှ စစ်ဆေးတာကြမ်းတယ်”
မူဆယ်မြို့အပြင် လားရှိုးမြို့တွင်းနဲ့ မြို့အဝင်အထွက်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ဆေးမှု တင်းကြပ်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ဆေးတာတော့ တအားများတယ်။ ညဆိုလည်း အများကြီးပဲ လူသုံးလေးဆယ် လိုက်စစ်နေတာ”
ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာစစ်ကောင်စီက စတင်ကျင်းပမှာဖြစ်တာကြောင့် မူဆယ်မြို့ရဲ့ မြို့အဝင်အထွက်အပါအဝင် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ဆင်ဖြူဂိတ်ပေါက်နဲ့ အလယ်ပေါက်ဂိတ်ကိုလည်း ပိတ်ပင်ထားမယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ရွှေဖီမြေက သီခြားအတည်မပြုနိုင်သေးပါဘူး။
မူဆယ်မြို့မှာ ပါဝင်ယှဉ်ပြိုင်မယ့်ပါတီထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ-USDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP နဲ့ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။