တရုတ်အမျိုးသားတွေအတွက် မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ “စပွန်ဆာယူတယ်” လို့ခေါ်ကြတဲ့ အငှားမယားအလုပ်ဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ဝင်ငွေရလွယ်ကူတဲ့ အလုပ်တစ်ခုအဖြစ် ဖြစ်လာနေပါတယ်။
ပြည့်တန်ဆာအလုပ်ဟာ လူမှုအသိုင်းအဝိုင်းအတွင်း ဝိုင်းဖယ်ကြဉ်ထားတဲ့ အလုပ်အမျိုးအစားဖြစ်ပေမယ့် အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာလူငယ်အမျိုးသမီးအချို့အတွက် ရွေးချယ်စရာမရှိတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ပြောင်းလဲလာနေပါတယ်။
ရွှေလီမြို့ကို အလုပ်လုပ်ဖို့ ရောက်ရှိလာကြတဲ့ မြန်မာအမျိုးသမီးတွေထဲက တချို့ဟာ စက်ရုံ၊ စားသောက်ဆိုင်၊ အိမ်အကူ စတဲ့အလုပ်တွေက ရတဲ့ဝင်ငွေဟာ မိသားစုဘဝကို ထောက်ပံ့နိုင်ခြင်း မရှိတာကြောင့် အငှားမယားအလုပ်ကို ပိုရွေးချယ်လာကြတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောပြပါတယ်။
ဒါ့အပြင် ရွှေလီမြို့မှာ အငှားမယားအဖြစ် လုပ်ကိုင်သူတွေထဲ တချို့ကတော့ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ကြတာကို တွေ့ရတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် လွေးအမ် (အမည်လွှဲ) က ပြောပါတယ်။
“စပွန်ဆာပေးတဲ့သူတွေထဲ အများစုက မိန်းမရှိတဲ့သူတွေပါပဲ။ သူတို့စပွန်ဆာပေးတဲ့သူက သူတို့လိုချင်တာ ဝယ်ပေးတယ်။ ပိုက်ဆံလိုရင်လည်း ပေးတယ်” လို့ ဆိုပါတယ်။
အငှားမယားအဖြစ်ခေါ်တဲ့ တရုတ်အမျိုးသားတွေဟာ တိုက်ခန်းငှားပေးတာ၊ နေ့စဉ်စားသောက်ရေး စီစဉ်ပေးတာတွေ ပြုလုပ်ပေးတတ်တယ်လို့ လွေးအမ်က ဆိုပါတယ်။
ဒါပေမယ့် ရရှိတဲ့ လစာပမာဏကတော့ ခေါ်ယူသူ တရုတ်အမျိုးသားရဲ့ အခြေအနေ၊ သဘောထားပေါ်မူတည်ပြီး မတူညီကြကြောင်း လွေးအမ်က ဆက်ပြောပြပါတယ်။
“တချို့သူတွေကတော့ အတူတူအိပ်ဖို့ တစ်လ တစ်သောင်း၊ နှစ်သောင်း (တရုတ်ငွေ ယွမ်) ပေးတာလည်း ရှိတယ်” လို့ ဆိုပါတယ်။
ရွှေလီမြို့မှာ တရုတ်အမျိုးသားတွေထံ အငှားမယားအဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းကို “စပွန်ဆာယူတယ်” လို့ ခေါ်ကြတယ်လို့ သိရပါတယ်။
တရုတ်အမျိုးသားတွေထံ အငှားမယားအဖြစ် လုပ်ကိုင်သူတွေထဲ လွေးအမ်ရဲ့ အသိသူငယ်ချင်းတွေကိုလည်း ဒီအလုပ်လုပ်ဖို့ ကမ်းလှမ်းတာတွေ ရှိပေမယ့် သူမက လက်မခံခဲ့ဘူးလို့ လွေးအမ်က ပြောပါတယ်။
အငှားမယားအဖြစ် လုပ်ကိုင်သူတွေထဲ တအာင်း၊ ရှမ်း၊ ကချင် အမျိုးသမီးတွေကို အများဆုံးတွေ့ရပြီး ဗမာအမျိုးသမီးအချို့ကိုလည်း တွေ့ရတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်သူတွေက ဆိုပါတယ်။
စပွန်ဆာယူသူတွေထဲ ၂၀ ကျော်အရွယ် အမျိုးသမီးအများစုဖြစ်ကြပြီး၊ စပွန်ဆာပေးသူတွေကတော့ အသက်ကြီးပိုင်း တရုတ်အမျိုးသားတွေ အများစု ဖြစ်ကြပါတယ်။
တရုတ်မယားလုပ်ဖို့ အွန်လိုင်း လူမှုကွန်ရက်များမှတစ်ဆင့် ခေါ်ယူခြင်း၊ သူငယ်ချင်းအချင်းချင်း ချိတ်ဆက်ပေးတာတွေကိုလည်း တွေ့ရပါတယ်။
“တရုတ် TikTok မှာ တရုတ်မယားလုပ်ဖို့ ခေါ်တဲ့ စာတွေ အများကြီးပါ။ ‘တရုတ်မယားအလိုရှိ’၊ ‘တရုတ်ချစ်သူ’ ဆိုပြီး ရေးထားကြတယ်” လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရွှေလီမြို့က အငှားမယား မြန်မာအမျိုးသမီးတွေရဲ့ ဘဝတွေဟာ တရုတ်–မြန်မာနယ်စပ်ဒေသရှိ လူထုတွေရဲ့ အခက်အခဲတွေကို ထင်ဟပ်ပြသနေပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေ များပြားလာတာကြောင့် အလုပ်ရှင်ဘက်က လစာအပြည့်အဝ မပေးတာ၊ သတ်မှတ်အချိန်ထက် ပိုပြီး အလုပ်လုပ်ခိုင်းတာစတဲ့ ခေါင်းပုံဖြတ်မှုတွေကို ကြုံတွေ့နေရတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်သူတွေက ပြောပါတယ်။
“စာအုပ်အနီ” လို့ခေါ်တဲ့ မြန်မာ–တရုတ် နယ်စပ်သွားလာခွင့် လက်မှတ်ကို ရှမ်းမြောက် မူဆယ်ခရိုင်ရှိ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူတွေကိုသာ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
တခြားဒေသက နေထိုင်သူတွေကိုတော့ တစ်ပတ်ကဒ်ကိုသာ ပြုလုပ်ပေးပြီး စာအုပ်အနီ ရရှိဖို့ ပွဲစားတွေကနေတစ်ဆင့် လုပ်ဆောင်ရာမှာ ငွေကြေးလိမ်လည်ခံရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်အများစုဟာ ပြည်ပကို ထွက်ခွာသွားကြပြီး အခက်အခဲမျိုးစုံကြား ကြုံရာအလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။