ယာရူစိင်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်၊
မနေ့ ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခွဲမှာ ဝက်လက်မြို့နယ် ဆည်တောကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
“လက်ရှိအချိန်ထိတော့ ဒေသခံတွေက ကျေးရွာထဲမှာပဲ နေကြပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ၂ ဦးတော့ ပြင်းထန်တယ်လို့ သိရပါတယ်။ ကား ၁ စီးလည်း မီးလောင်ပျက်စီးသွားတယ်။ နောက်ထပ် ၂ စီးကျ ဗုံးစထိတာ ရှိတယ်”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ နှစ်အရွယ် ဦးညွှန်ဝေရဲ့ ဇနီး အသက် ၇၀ နှစ်အရွယ် ဒေါ်မြင့်ကြည်၊ အသက် ၂၅ နှစ်အရွယ် မောင်ဇေယျာထွန်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ကိုမုန်တိုင်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခွဲမှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းအပါအဝင် စစ်ကြောင်းထိုးတာတွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။