ယာရူစိင်၊ ဒီဇင်ဘာ ၁၆ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်တွေ မီးလောင်မှု ဖြစ်ပွါးနေတယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ လက်ပံလှကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“မီးလောင်တာက ငွေဇင်ဟိန်း ဖုန်းဆိုင်နားနဲ့ 969 ဒံပေါက်ဆိုင်နားလို့ သိရပါတယ်။ ဒေသခံတွေလည်း စစ်ရှောင်နေကြတော့ ထိခိုက်သေဆုံးတာတော့ မရှိပါဘူး။ နေအိမ် တော်တော်များများပါသွားလို့ သိရပါတယ်။ မီးလောင်သွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး”
ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာတင် စဉ့်ကူးမြို့နယ် ကြာဥယျာဉ်ရွာ(ခေါ်)ခွေးကျွန်းရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေပြီး အနောက်ဘက် ဧရာဝတီမြစ်ကြောင်းမှာ မော်တော်မောင်းနေတဲ့ ဒေသခံတွေကို လက်နက်ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀အရွယ် အမျိုးသမီး ၁ဦးထိမှန်၍ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ နေအိမ်ပေါ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်းအပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။