ပို့လဘား၊ ဒီဇင်ဘာ ၁၅ ရက်၊ ၁၀၅ မိုင်
ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လူတွေကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၂နာရီခွဲအကျော်က မူဆယ်မြို့နယ် (၁၀၅)မိုင်ရဲ့ မြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်အနားမှာ ဗြုန်းကျောက်တင်လာတဲ့ကားတစ်စီးက ဘရိတ်ပေါက်ပြီး လူတွေကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဗြုန်းတင်တဲ့ ၆ ဘီးကား ဘရိတ်ပေါက်ပြီး လမ်းဘေးက လူတွေကို ဝင်တိုက်တာ။ ၁၀၅ မိုင် အဝင်ဂိတ်ဆိုတော့ လူရှိတယ်လေ။ အဲဂိတ်နားရောက်ရင် ခရီးသည်တွေက လမ်းလျှောက်သွားရတယ်လေ။ အဲချိန်မှာ ကားဘရိတ်ပေါက်ပြီး ခရီးသည်တွေရော တခြားလူတွေရော ဝင်တိုက်လိုက်တာ။ အခု ကားပိုင်ရှင်ရော ကားသမားရော သူတို့ခေါ်ထားတယ် ” လို့ ပြောပါတယ်။
အဆိုပါ အခင်းဖြစ်ပွားတဲ့နေရာကို မိုင်းယု (၁၀၅) မိုင်မှာရှိတဲ့ ပါရမီလူမှုကူညီရေးအသင်းက သွားရောက်ကူညီပေးခဲ့တာဖြစ်ပြီး ဖြစ်စဉ်နေရာမှာ ပွဲချင်းသေဆုံးသွားခဲ့တဲ့ အမျိုးသမီး ၂ ဦးကတော့ မူဆယ်မြို့မှာ နေထိုင်တာဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
လက်ရှိမှာတော့ ကားသမားကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးထားတာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။