မိုင်းရူပ၊ ဒီဇင်ဘာ ၁၂ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ဖက်မှာ မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း မူးယစ်ဆေးဝါးအကြောင်းပြပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက် ၅ ရှိ မူးယစ်ဆေး ရောင်းဝယ်တဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက မကြာခဏ လာရောက်စစ်ဆေးပြီး ငွေတောင်းကြမ်းနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာလည်း ရပ်ကွက် ၅ ရှိ နေအိမ်တစ်ခုကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါးအများအပြားတွေ့ရှိခဲ့ရာ မူးယစ်ဆေး ရောင်းဝယ်သူဘက်က ရဲတွေတောင်းတဲ့ ငွေပမာဏကို မပေးနိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
“အဲအိမ်မှာ မူးယစ်ဆေးအများမိတာ။ ပိုက်ဆံနဲ့ ညှိတာ အဆင်မပြေလို့ အဲတစ်ယောက်ကို ဖမ်းသွားလိုက်တာ။ သူတို့တောင်းတဲ့ ပိုက်ဆံများတော့ မပေးနိုင်လို့ အခုတော့ အချုပ်ထဲ ရောက်သွားပြီ” လို့ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ မျက်မြင်တွေ့ရှိသူ အမျိုးသာတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် ရပ်ကွက် ၅ အထက်မန်အိုင်မှာ လောင်းကစားဝိုင်းတွေ ပေါများလာသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း ပေါများပြီး စစ်ကောင်စီဘက်က ထိရောက်တဲ့အရေးယူမှုတွေ လုပ်နိုင်တာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာလည်း ရေကန်တောင်ရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးက ကားတစ်စီးနဲ့ ရောက်လာပြီး နေအိမ်အတွင်း မူးယစ်ဆေးဝါးရှိမရှိ ဝင်ရောက်စစ်ဆေးရာ ငွေသိန်း၂၀ ကျော် တောင်းခံသွားတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ ကိုးကန့်က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။