လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇) ၁၉ လမ်းမှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုဟာ ဌာနဆိုင်ရာတွေဆီ တစ်လ သိန်း ၃၀၀ လိုင်းကြေးပေးပြီး ဆက်ဖွင့်နေလို့ မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ ရပ်ကွက် ၇ မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းဟာ ၂၄ နာရီ ဖွင့်ထားလှစ်ထားတဲ့အတွက်ကြောင့် ရပ်ကွက်ထဲ နေထိုင်သူတွေအတွက် အနှောက်အယှက်ဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရပ်ကွက် ၇ ထဲ နေထိုင်သူ တစ်ဦးက “သူတို့ဖွင့်ထားတာကြာပြီ။ အဲဝိုင်းက ပိတ်ချိန်ကိုမရှိတာ။ အဲဝိုင်းမှာ ဘာလိုချင်လဲ ဘာလုပ်ချင်လဲ အကုန်ရတယ်။ အထဲမှာ အများကြီးဘဲ။ လာတဲ့သူတွေ လူထောင်ချီလောက်ရှိတယ်။ အဲအနီးအနားတစ်ဝိုက်မှာနေတဲ့ သူတွေလည်း တစ်စက်ကလေးမှ အိပ်မရဘူး။ ညကနေ မိုးလင်းတဲ့အထိ မီးစက်အသံတွေနဲ့ လူအော်အသံနဲ့ ဆူညံနေတာဘဲ။ အဝိုင်းမှာ လောင်းကစားနဲ့ ပတ်သက်တဲ့ဟာ အကုန်ပါတယ်။ သူတို့အိမ်ဝိုင်းလည်း အကျယ်ကြီးဘဲ” လို့ ပြောပါတယ်။
လက်ရှိ လားရှိုးမှာရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဌာနဆိုင်ရာတွေဘက်က လောင်းကစားဖွင့်လှစ်တဲ့သူတွေနဲ့ လောင်းကစားလုပ်သူတွေကို လိုက်လံဖမ်းဆီးတယ်လို့ ပြောပေမယ့် ဟန်ပြအနေနဲ့ သာ ဖမ်းတာဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
“အဲရပ်ကွက် ၇ မှာ ဘယ်လောက်ထိဆိုးလည်းဆိုတော့ ကျမသူငယ်ချင်းက ကားဖြတ်မောင်းတာ။ သူ့ကိုတားပြီး သူ့ကားကို လုသွားတာ။ အဲဝိုင်းဖွင့်တဲ့သူတွေကိုလည်း ဘာမှပြောလို့မရဘူး။ ပြောရင် ဟိုလူကြီးပိုင်တယ်။ ဒီလူကြီးပိုင်တယ်။ လားရှိုးမှာရှိတဲ့ လူကြီးအကုန်လုံး ပိုက်ဆံပေးထားပြီးသားတဲ့ ဘယ်သူမှ လာတားလို့မရဘူး။ စရဖအဖွဲ့ဆီတိုင်လည်း သူတို့ကိုသတင်း အရင်ပေးပြီးမှ ဟန်ဆောင်ပန်ဆောင်နဲ့ လာပြီးတော့ ဘာမှမဖမ်းသွားဘူး” လို့ ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက်(၇) ၁၉ လမ်းမှာ ဖွင့်လှစ်ထားတဲ့လောင်းကစားဝိုင်းတွေအပါအဝင် တခြားရပ်ကွက်မှာဖွင့်လှစ်ထားတာတွေလည်း ပိတ်သိမ်းပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ” ရဲ၊ နယ်ထိန်း၊ စရဖ အဖွဲ့စုံကို လိုင်းကြေးပေးပြီး ဖွင့်ရတာပါ။ အနှောက်အယှက်ပေးတဲ့အပြင် ခိုးမှု၊ ဓာပြတိုက်မှုတွေလည်း ပေါလာတယ်။ ဒါကြောင့် အကုန်ပိတ်သိမ်းစေချင်တယ်” လို့ ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ပြီးနောက် ရပ်ကွက် ၇ အပါအဝင် ၄၊ ၅၊ အထက်မန်အိုင်မှာ လောင်းကစားဝိုင်းတွေပေါများလာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေပေါများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက်(၅) အထက်မန်အိုင်ရှိ ခြံဝင်းတစ်ခုထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်လှစ်နေတယ်ဆိုတဲ့ သတင်းကို ရွှေဖီမြေက ဖော်ပြပြီးနောက် ဖမ်ဆီးမှုတွေပြုလုပ်
လာတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။