ကျင်းပပြုလုပ်ဖို့အတွက် လဝက်လောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအတွက် အာဏာသိမ်း စစ်တပ်ဟာ မဲရဖို့ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်နေပါတယ်။
ဒီလိုမြင်ကွင်းတွေကို စစ်ကောင်စီတပ်ရဲ့ စိုးမိုးနယ်မြေတစ်ခုလည်းဖြစ် ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့ထဲမှာ အခုရက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရတာပါ။
တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး မဲစာရင်း၊ အိမ်ထောင်စု၊ မှတ်ပုံတင်စာရင်းတွေ လိုက်ကောက်တဲ့နေရာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက) သာမက စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့တွေ၊ နယ်မြေမှူးတွေလည်း ပါပါတယ်။
စိတ်ဝင်စားသူမရှိ အားပေးထောက်ခံသူမဲ့နေတဲ့ ရွေးကောက်ပွဲအတွက် မဲရရေးတစ်ခုအတွက်ကိုပဲ ဦးတည်ပြီး စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်ကနေ အတုန်းအရုန်းကြိုးစားလာတာပါ။
မဲရရေးအတွက် ဖိအားပေး ပြောဆိုတာမျိုးရှိသလို ခြိမ်းခြောက်ပြောဆိုတာမျိုးလည်း ရှိတယ်လို့ အသက်အန္တရာယ်လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မူဆယ်မြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပြပါတယ်။
“သူတို့ပါတီ မဲမပေးရင် စာအုပ်အနီတွေ လုပ်မပေးတော့ဘူးတဲ့။ ဆိုတော့ သူတို့ပါတီကို မဲ ထည့်ကိုထည့်ရမယ့် ပုံစံတွေမျိုး ပြောသွားတာပေါ့”
အမျိုးသမီးပြောတဲ့ စာအုပ်အနီဆိုတာ တရုတ်နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ကို ပြောတာပါ။ ဒီစာအုပ်အနီဟာ ၁ နှစ်သက်တမ်း ရှိပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ဘက် အလုပ် လုပ်ဖို့ ဒါမှမဟုတ် အရောင်းအဝယ် လုပ်နေကြတဲ့ မူဆယ်ဒေသခံအတွက် ဒီစာအုပ်အနီက မရှိမဖြစ်ပါပဲ။
အာဏမသိမ်းခင် အခြေအနေမျိုးမှာဆိုရင် အခုလို ရွေးကောက်ပွဲ မတိုင်ခင် ရက် ၆၀ အလိုမှာ ပါတီပေါင်းစုံက မဲဆွယ်စည်းရုံးရေးတွေနဲ့ မူဆယ်မြို့လမ်းမတွေထက်မှာ သီချင်းသံတွေနဲ့အတူ စည်စည်းကားကားနဲ့ အုပ်စုလိုက် စည်းရုံးရေးတွေ ဆင်းနေကြတဲ့အချိန်ပါ။ ဒါပေမဲ့ ဒီ ၂၀၂၅ ခုနှစ် အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာတော့ တိတ်ဆိတ်ခြောက်ကပ် နေပါတယ်။
ဒါကြောင့်လည်း ဒီရွေးကောက်ပွဲက စစ်တပ်ထောက်ခံတဲ့ လူတစ်စုကလွဲပြီး အားပေးထောက်ခံသူ မရှိတာကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ နိုင်ငံတကာကပါ ပြောဆိုနေကြတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းပြောဆိုတာရှိသလို ၎င်းတို့ ကိုယ်တိုင်ကလည်း ကန့်ကွက်ကြောင်း စာတွေအသီးသီးထုတ်ပြန်ထားကြပြန်ပါတယ်။
ရှမ်းမြောက်က စစ်ကောင်စီနယ်မြေမှာ နေထိုင်နေသူတစ်ဦးကတော့ “ကိုယ်တွေကတော့ သူတို့ကို မကြိုက်ပါဘူး။ ဒါမဲ့ ကိုယ်က သူတို့နယ်မြေထဲမှာဆိုတော့ တချို့ကိစ္စတွေဆို သူတို့ ဘာပြောပြော ခေါင်းငြိမ့်ရတာမျိုးတွေတော့ ရှိတာပေါ့။ တကယ်ရွေးကောက်ပွဲကျရင်တော့ ကိုယ်မဲထည့်ချင်မှ ထည့်မှာပါ။ အဲဒါ ကိုယ့်စိတ်ပဲလေနော်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ပထမပိုင်းအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေထဲမှာ ပြန်တိုက်ယူစရာမလိုဘဲ တရုတ်အကူအညီနဲ့ ကိုးကန့်တပ် MNDAA ထံကနေ ပြန်ရလိုက်တဲ့ လားရှိုးမြို့လည်း ပါဝင်ပါတယ်။
အဲ့ဒီ လားရှိုးမြို့မှာလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စစ်တပ်ထောက်ခံသူတစ်စုကလွဲပြီး အများစုက စိတ်မဝင်စားကြပါဘူး။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းကြေညာတဲ့ ကာလဖြစ်တဲ့ နိုဝင်ဘာလ ၂၁ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်အထိ လဝက်အတွင်း မဲစာရင်း သွားရောက်ကြည့်ရှု့သူ မရှိတာကြောင့် နေအိမ်အထိ မဲစာရင်း လိုက်တိုက်တဲ့ အခြေအနေအထိ ရှိခဲ့ပါတယ်။
ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)၊ အထွေထွေအုပ်ချုပ်ရေးမှူး(ထွေအုပ်)တို့ ကိုယ်တိုင် ရပ်ကွက်တွေထဲထိ ဆင်းပြီး တစ်အိမ်တက်ဆင်း မဲစာရင်း လိုက်ပြ၊ လိုက်တိုက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
“သူတို့က ကိုယ့်ရဲ့ အိမ်ထောင်စုမိတ္တူကို ယူပြီး မဲစာရင်းနဲ့ တိုက်တာ။”လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်မှာ ရွေးကောက်ပွဲ ပထမအပိုင်းအနေနဲ့ စစ်ကောင်စီ ကျင်းပပြုလုပ်မဲ့ မြို့နယ်တွေထဲမှာ TNLA ထံ ပြန်တိုက်ယူနိုင်ခဲ့တဲ့ နောင်ချိုမြို့လည်း အပါအဝင်ဖြစ်ပါတယ်။ ပထမအပိုင်းမှာ ရှမ်းမြောက်ရှိ မြို့နယ်တွေထဲက သုံးမြို့ဖြစ်တဲ့ လားရှိုး၊ မူဆယ်၊ နောင်ချိုတို့မှာ အရင်ဆုံး ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒုယတိယအပိုင်းမှာတော့ ရှမ်းပြည်နယ်ထဲက မြို့နယ် (၁၇) မြို့နယ် ကျင်းပမဲ့အထဲမှာ ရှမ်းမြောက်က တန့်ယန်းနဲ့ မိုင်းရယ်လည်း ပါဝင်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲအတွင်း ရှမ်းမြောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ PPP နဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ SNDP လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကလွဲပြီး ကျန်ပါတီနှစ်ခုကတော့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ ပါတီ သုံးခုက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သာ အခြေခံသိကြတာဖြစ်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေက ဘယ်သူဘယ်ဝါတွေဆိုတာ သေချာမသိကြပါဘူး။
စစ်ကောင်စီက ကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဒေသခံတွေက မယုံကြည်၊ မထောက်ခံပဲ ကန့်ကွက်နေကြပေမဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောထားပါပြီ။
တော်လှန်ရေး အင်အားစုနဲ့ ဒေသခံတွေ ဘယ်လိုဘဲ ကန့်ကွက်နေပါစေ စစ်ကောင်စီတပ်က ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကျင်းပမယ့်ရက်တွေကို ကြေညာထားပြီဖြစ်လို့ မရရတဲ့နည်းနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။