ဒီဇင်ဘာ ၉ရက်၊ လားရှိုး
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၅) အထက်မန်အိုင်ရှိ ခြံဝင်းတစ်ခုထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်လှစ်နေပြီး လနဲ့ချီဖွင့်လှစ်ထားပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပိတ်ပင်တာမရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
အဲလောင်းကစားဝိုင်းကို ဒေသခံတွေရာနဲ့ချီ နေ့စဉ်လာရောက်ကစားနေကြပြီး မူးယစ်ဆေးဝါးလည်း အလွယ်တကူ ဝယ်ယူရရှိနေတယ်လို့လည်း ဆိုပါတယ်။
“ဘာပွဲအထိန်းအမှတ်မှ မဟုတ်ဘူး။ အဲတာဖွင့်တဲ့ လင်မယားက တိုင်းမှူး၊ဗျူဟာမှူးနဲ့ဌာနဆိုင်ရာတွေကို ပေးကမ်းပြီးလုပ်ကြတဲ့ သဘောပေါ့။ နေ့စဉ် ဆိုင်ကယ်တွေအပြည့်ပဲ လာကစားနေတာ။ လာကစားတာလည်း ဒေသခံတွေပဲ”လို့ အဲရပ်ကွက်(၅)မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲလောင်းကစားဝိုင်းဦးဆောင်ဖွင့်လှစ်သူတွေဟာ လက်နက်ကိုင်ဆောင်ထားကြသူတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းကလည်းဆိုတာ အတည်မပြုနိုင်သေးပါဘူး။
အဲလောင်းကစားကနေ မူးယစ်ဆေးဝါးတွေလည်း ရရှိနေတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူဦးရေများလာနေသလို ခိုးယူမှုတွေလည်း ပေါများလာနေတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ဟာ စစ်ကောင်စီထိန်းချုပ်ပြီးနောက် လုယက်မှု၊ပစ်ခတ်မှု၊ခိုးမှုတွေ ပေါများလာနေပြီး ဌာနဆိုင်ရာဘက်က အရေးယူနိုင်မှုကတော့ အားနည်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။