လွေးထွေး၊ ဒီဇင်ဘာ ၈ ရက်၊ မူဆယ်
မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ရဲ့ စစ်ဆေးရေးဂိတ်က တအာင်းနှစ်သစ်ကူးပွဲမှ ပြန်လာတဲ့ စယ်လန့်ရွာခံတွေကို ဂိတ်ပေးမဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၇ ရက် မနက် ၁ နာရီဝန်းကျင်မှာ နမ့်ခမ်းက ကျင်းပတဲ့တအာင်းနှစ်သစ်ကူးပွဲကြည့်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ စယ်လန့်ရွာခံ ၂၀ ဦးကျော်ကို SSPP တပ်က မနက် ၅ နာရီအထိ ဂိတ်အနီးမှာသာ ထိုင်စောင့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသားက “ကလေးတွေရော၊ ဘုန်းကြီးတွေလည်းပါတယ်။ ရွာခံတွေဘဲကိုကွာ ပေးမဖြတ်ဘူးတဲ့။ တခြား ခရီးသည်တွေဘာတွေဆိုရင်တော့ လက်ခံပေးလို့ရတယ်။ ပွဲကနေပြန်လာတာလည်းသူတို့သိတယ် တမင်ပေးမသွားတာ။ ကလေးတွေလည်းပါတော့ အေးမှာစိုးလို့ ဖြတ်ဖို့တောင်းတာကို စကားမများနဲ့။ ထိုင်စောင့်တဲ့”လို့ ပြောပါတယ်။
ဒါ့အပြင် ဂိတ်စောင့်တပ်သားတွေကို တောင်းပန်ပြောဆိုခဲ့တဲ့အပြင် ဘုန်းကြီးကိုယ်တိုင်က လာရောက်ပြောဆိုပေးခဲ့ပေမယ့် SSPPဘက်က မရကြောင်းသာပြောပြီး မနက် ၁ နာရီကနေ ၅ နာရီအထိ ၎င်းဂိတ်အနီးမှာသာ နေခဲ့ရကြောင်း သူက ဆိုပါတယ်။
အလားတူ ၎င်းနေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နမ့်ခမ်းကနေပြန်လာတဲ့ ရွာခံ အမျိုးသားတွေကို စစ်ဆေးပြီး ငွေတောင်းခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။